
ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
စက်တင်ဘာ ၂၆ ရက်တွင် မွန်းလွဲပိုင်းတွင် တိုင်းထွာချက်အရ ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဗန်ကောက်မြို့ အနီးတွင် လေဖိအားနည်းဆဲလ်(Low Pressure Cell)တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းဆဲလ် သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို စတင် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း၊ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ကြောင်း မိုးဇလက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးဆက်တိုက်ရွာသွန်းလျက်ရှိသဖြင့် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကြေညာချက်ကို ယနေ့နံနက်ပိုင်း(စက်တင်ဘာ ၂၆ ရက်) က ထုတ်ပြန်ခဲ့ပြီး ဘန်ကောက်ရှိ ခရိုင် ၅၀ စလုံးတွင် အဆိုပါ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ "ရေတွေက တောက်လျှောက် ဝင်လာနေတာ၊ ခုဆို ခါးလောက်အထိ ရောက်နေပြီဆိုတော့ အပြင်ထွက်ဖို့တောင် ခက်သွားပြီ။ဘယ်မှ သွားလို့မရဘူး၊ ဆိုင်ပိတ်ထားရတာ နှစ်ရက်ရှိပြီ။ ဒီတစ်ကြိမ်ကတော့ ၂၀၁၁ ရေကြီးတုန်းကထက်ပင် ပိုဆိုးတယ်လို့ ထင်တယ်" ဟု ဘန်ကောက်မြို့လယ် မြောက်ဘက်ရှိ တူးမြောင်းတစ်ခုအနီးတွင် နေထိုင်သည့် အသက် ၆၇ နှစ်အရွယ် ဈေးသည်တစ်ဦးဖြစ်သူ စွမ်းကစ် ဖုအက်ငမ်က ပြောကြားခဲ့သည်။