
တက္ကသိုလ်ဝင်စာမေးပွဲဆုရကျောင်းသားများအနေဖြင့် ပညာရပ်များကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ဆည်းပူးပြီး ကျောင်းပြီးပါက နိုင်ငံတော်အပေါ် သစ္စာရှိကာ လုပ်ကျွေးပြုစုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ထူးချွန်သူများအတွက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်လျက်ရှိသကဲ့သို့ ဆုရကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရပ်များကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ဆည်းပူးရမည်ဖြစ်ပါကြောင်း၊ ကျောင်းပြီးသွားပါက နိုင်ငံတော်ကို သစ္စာရှိပြီး မိမိတို့နိုင်ငံ၏အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်အပေါ် လုပ်ကျွေးပြုစုရမည်ဖြစ်ကြောင်း ပြောကြားသည်။
စက်တင်ဘာ ၂၅ ရက်က ရုံးအမှတ် (၁၃) အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစုဝင် သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ၎င်းက ထိုသို့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။