
တစ်နှစ်အတွင်း စက်သုံးဆီထုတ်ယူသုံးစွဲထားသည့် ယာဉ်အို/ယာဉ်ဟောင်းများ ပြန်လည်အပ်နှံပါက လျှပ်စစ်သုံးယာဉ်များ အစားထိုးပြန်လည်တင်သွင်းခွင့်ကို လစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား လျှပ်စစ်သုံးယာဉ်(EV)များဖြင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ကြေညာပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) သို့ အပ်နှံခဲ့သည့် ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့်လာရောက်လျှောက်ထားမှုများအား တင်သွင်းခွင့်ပါမစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တစ်နှစ်အတွင်း စက်သုံးဆီထုတ်ယူသုံးစွဲထားရှိသည့် အပိုဒ်(၁)ပါ ယာဉ်အို/ယာဉ်ဟောင်းများအား ပြန်လည်အပ်နှံပါက လျှပ်စစ်သုံးယာဉ်များ အစားထိုးပြန်လည်တင်သွင်းခွင့်အား လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။