Eleven Media Group

KNU၊ KNLA နှင့် PDF များ ယာယီစိုးမိုးထားသည့် ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

KNU၊ KNLA နှင့် PDF များ ယာယီစိုးမိုးထားသည့် ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

KNU၊ KNLA နှင့် PDF အဖွဲ့များသည် ကမမောင်း - ဖာပွန်သွား ကားလမ်းမကြီးအား ယာယီစိုးမိုးထားသဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ရန်အတွက် ၂၀၂၆ ခုနှစ်၊ မေ ၅ ရက်မှစ၍ စစ်ကြောင်းများခွဲကာ လမ်းကြောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ မေ ၈ ရက်တွင် ကျောက်ကွင်းလေးကျေးရွာအားလည်းကောင်း၊ မေ ၁၀ ရက်တွင် ဝက်သိုးခိုကျေးရွာနှင့် မီဇိုင်းချောင်းဖျားကျေးရွာတို့အားလည်းကောင်း၊ မေ ၁၆ ရက်တွင် နေကကျေးရွာအားလည်းကောင်း၊ မေ ၁၈ ရက်တွင် ရေပူကျေးရွာအားလည်းကောင်း၊ မေ ၂၄ ရက်တွင် မိုင်(၄၀)ကျေးရွာအားလည်းကောင်း၊ မေ ၃၁ ရက်တွင် နိုခဲဒိုကျေးရွာနှင့် ဘောကျိုထကျေးရွာတို့အားလည်းကောင်း၊ ဇွန် ၃ ရက်တွင် ကတိုင်တိ ကျေးရွာအားလည်းကောင်း၊ ဇွန် ၂၃ ရက်တွင် ဘောကြို့လယ်ကျေးရွာအားလည်းကောင်း၊ ဇွန် ၂၄ ရက်တွင် ရှမ်းရွာကျေးရွာအားလည်းကောင်း၊ ဇွန် ၂၇ ရက်တွင် တောင်သူစုကျေးရွာအားလည်းကောင်း၊ ဇူလိုင် ၂၅ ရက်တွင် ဖာလုံလေးကျေးရွာအား လည်းကောင်း၊ စက်တင်ဘာ ၇ ရက်တွင် ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်၏ အရှေ့ဘက်မီတာ ၁၈၀၀ ခန့်အကွာ ဖာလုံကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဆင်စွယ်ကျေးရွာအား ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါကျေးရွာနှင့် လမ်းကြောင်းတစ်လျှောက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့ အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်စ္စည်းများ၊ FPV Drone ၂၄ စီး၊ မိုင်းများ၊ လမ်းလျှောက် စကားပြောစက်များ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကမမောင်း-ဖာပွန် လမ်းကြောင်းတစ်လျှောက်ရှိ ကျန်ရှိသည့်လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက် အကြမ်းဖက်များ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ မြေမြုပ်မိုင်းအန္တရာယ်မှ အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group