
အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးရှိသော ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
ယုံကြည်စိတ်ချရသော ဘာသာရေးအခြေပြုနှင့် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးရှိသော ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်လျက်ရှိသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အရေးပါသော ပံ့ပိုးကူညီမှုများကို ပေးအပ်သွားခြင်းဖြင့် လူ့အသက်များကို ကယ်တင်ကာ အမေရိကန်ပြည်ထောင်စုကို ပိုမိုဘေးကင်းလုံခြုံစေမည့် ရေရှည်တည်ငြိမ်မှုကို အားကောင်းလာစေမည်ဖြစ်ကြောင်း သိရသည်။
ရလဒ်ကောင်းများရှိထားပြီးဖြစ်သည့် အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုသည် အရင်းအမြစ်များကို အမှန်တကယ်အကူအညီလိုအပ်လျက်ရှိသော ဒေသများသို့ ပိုမိုရောက်ရှိစေရန် ဆောင်ရွက်နေပြီး တိုင်းတာနိုင်သည့် ရလဒ်များကို ဖော်ဆောင်ပေးကာ အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲပေးလျက်ရှိပြီး မြန်မာပြည်သူများ အရေးတကြီး လိုအပ်ချိန်တွင် အကူအညီပေးအပ်လျက်ရှိကြောင်း သိရသည်။