Eleven Media Group

NUG ၏ People's Revolution Supply Family-PRF Website သို့ ငွေကြေးထောက်ပံ့သူ ၂၇၀၀ ကျော်၏ အချက်အလက်များ ဖော်ထုတ်ရရှိပြီး ယင်းငွေကြေးထောက်ပံ့သူများထဲမှ ၂၁ ဦးကို ဖမ်းဆီး

NUG ၏ People's Revolution Supply Family-PRF Website သို့ ငွေကြေးထောက်ပံ့သူ ၂၇၀၀ ကျော်၏ အချက်အလက်များ ဖော်ထုတ်ရရှိပြီး ယင်းငွေကြေးထောက်ပံ့သူများထဲမှ ၂၁ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

NUG အဖွဲ့အနေဖြင့် ၎င်းတို့ ရေရှည်ရပ်တည်နိုင်ရန်အတွက် People's Revolution Supply Family-PRF Website (https://form.prfhq.modnug.org)အား တည်ထောင်၍ Wave Payı တရားမဝင် NUG Pay၊ တရားမဝင် SDB Bank၊ Crypto နှင့် နိုင်ငံခြားငွေ Payment စနစ်များမှတစ်ဆင့် ငွေကြေးကောက်ခံလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်းပေးပို့ချက်များအရ PRF Website သို့ WavePay ဖြင့် ငွေကြေးထောက်ပံ့သူ ၇၀၀ ဦးခန့်၊ တရားမဝင် NUG Pay ဖြင့် ငွေကြေးထောက်ပံ့သူ ၁၀၀၀ ဦးခန့်၊ တရားမဝင် SDB ဘဏ်ဖြင့် ငွေကြေးထောက်ပံ့သူ ၁၀၀၀ ဦးခန့်၊ စုစုပေါင်း ၂၇၀၀ ကျော်၏အချက်အလက်များအား ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ PRF Website သို့ ငွေကြေးထောက်ပံ့ပေးပို့သူများဖြစ်ကြသည့် မိုးညှင်းမြို့နေထက်သူအောင်၊ လားရှိုးမြို့နေ မေရီဆန်စင် ၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည် ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း ၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင် ၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော် ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း ၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင်နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ ၊ ကြည့်မြင်တိုင်မြို့နယ်နေသက်နိုင်ထူး ၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ညွန့်ရီ ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲမြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ အေးအေးသင်း စုစုပေါင်းတရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ NUG အဖွဲ့၏ တရားမဝင် PRF Website (https://form.prfhq.modnug.org) သို့ ငွေကြေးထောက်ပံ့မှုပြုလုပ်သူ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး PRF Website နှင့်ဆက်စပ်ပြီး ကျန်ရှိသည့် တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖော်ထုတ်ဖမ်းဆီးရရှိသည့် WavePay အကောင့်များအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီပိတ်သိမ်း၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group