Eleven Media Group

မလေးရှားနိုင်ငံက မြန်မာရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့သည့် အစီအစဉ်၏ ပထမအဆင့်ကို စတင်

မလေးရှားနိုင်ငံက မြန်မာရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့သည့် အစီအစဉ်၏ ပထမအဆင့်ကို စက်တင်ဘာ ၂၉ ရက်တွင် စတင်ခဲ့ပြီး အဆိုပါအစီအစဉ်၏ ပထမအသုတ်အဖြစ် မြန်မာရွှေ့ပြောင်း ၁၅၀၀ ကို နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေး စခန်းများမှ ၄င်းတို့၏ သဘောဆန္ဒအလျောက် ပြန်လည်ထွက်ခွာရန် သဘောတူညီခဲ့ကြသည့် မြန်မာနိုင်ငံသား ၅၀၀၀ အနက် ပထမဆုံး အသုတ်ဖြစ်သည်ဟု မလေးရှားအစိုးရက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း လူမွတ် ရေတပ်စခန်း အနီးရှိ မက်ဂျ်လစ် ပါဘန်ဒါရန် မန်ဂျွန် အားကစားကွင်းသို့ ရဲတပ်ဖွဲ့၏ စောင့်ကြပ်မှုဖြင့် ဘတ်စ်ကားများနှင့် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းများကို အေအက်ဖ်ပီသတင်းထောက်များ မြင်တွေ့ခဲ့သည်။

သတင်းထောက်များကိုမူ အားကစားကွင်း ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့ပေ။

အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများကို လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်ပြီးနောက် အနီးရှိ ရေတပ်စခန်းသို့ ပို့ဆောင်ကာ သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ဖွယ်ရှိကြောင်း အေအက်ဖ်ပီက ဖော်ပြခဲ့သည်။

အဆိုပါ အုပ်စုအတွင်း ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) မည်မျှ ပါဝင်သည်ကို ချက်ချင်း မသိရှိရသေးဘဲ မလေးရှား အာဏာပိုင်များကလည်း အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။

သို့သော် ကုလသမဂ္ဂ၏ စာရင်းများအရ မလေးရှားနိုင်ငံအတွင်းရှိ မြန်မာ ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူ ၁၉၀၀၀၀ အနက် သုံးပုံနှစ်ပုံမှာ ဘင်္ဂါလီများ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံရှိ ဘင်္ဂါလီ ၅၀၀၀ ကို ပြန်လည်လက်ခံရန် သဘောတူညီခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင်လတွင် ကြေညာခဲ့သည်။

ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ရုံးပြင်ပတွင် စုဝေးခဲ့ကြသည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို အာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီးနောက် ယခု ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဘင်္ဂါလီများကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးမည်ဟု ယခုလစောပိုင်းတွင် မြန်မာဘက်က ကတိပြုခဲ့သည်။

ထို့ပြင် ရွှေ့ပြောင်းများ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များကို လျင်မြန်ချောမွေ့စေရန်အတွက် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် ဖိတ်ကြားသွားမည်ဟုလည်း အန်ဝါ က ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group