Eleven Media Group

■ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် PDF အဖွဲ့များထံ ဆက်ကြေးပေး၍ တရားမဝင်တူးဖော်နေသည့်ရေနံတွင်း များနှင့် ချက်လုပ်နေသည့်နေရာ စုစုပေါင်း ၈၆၆ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်း

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် PDF အဖွဲ့များထံ ဆက်ကြေးပေး၍ တရားမဝင်တူးဖော်နေသည့်ရေနံတွင်း များနှင့် ချက်လုပ်နေသည့်နေရာ စုစုပေါင်း ၈၆၆ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။

တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများ၏ သတင်းပေးပို့ မှုများအရ မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီး တရားမဝင်ရေနံတူးဖော်လုပ်ကိုင်နေသည့် PDF အဖွဲ့များ၏နေရာများကို လုံခြုံရေးလုပ်ငန်းများဆောင်ရွက်၍ တရားမဝင် ရေနံတူးဖော်ချက်လုပ်ရာနေရာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်း များဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်း PDF များ တရားမဝင်ရေနံတွင်း တူးဖော်ချက်လုပ်ခြင်း ဆောင်ရွက်နေကြောင်းနှင့် ဒေသခံများ၏ လက်ယက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းမှ ဆက်ကြေးကောက်ခံနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက်တွင်မှ စက်တင်ဘာ ၂၇ ရက်အထိ စုစုပေါင်း တရားမဝင်တူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းနေရာ ပေါင်း ၁၃၁ နေရာတို့အား ဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် PDF များ ခိုအောင်းခဲ့သည့် ယာယီတဲအဆောက်အအုံ ၂၄၆ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ရေနံချပ်ကျေးရွာအနီး တရားမဝင်ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် လက်လုပ်ရေနံတွင်း စုစုပေါင်း (၇၃၅) နေရာတို့အား ရှာဖွေဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် PDF နေထိုင်ခဲ့သည့် ယာယီတဲအဆောက် အအုံ ၅၀၉ လုံးတို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

#PDF #မြိုင်မြို့နယ် #ပခုက္ကူ #elevennews

မူရင်းသတင်း — Eleven Media Group