
ရန်ကုန်၊ အောက်တိုဘာ ၄
၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပပြီးစီးခဲ့သည့် (World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် အမျိုးသားအလွတ်တန်း ၈ တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ စပိန်အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုများကိုလည်းကောင်း၊ အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ ကျင်းပခဲ့သည့် အမျိုးသား/ အမျိုးသမီး အလွတ်တန်း ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ ဟန်ဂေရီအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုများကို လည်းကောင်း၊ အမျိုးသားအလွတ်တန်း ၁၀ တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ယူကရိန်းအသင်းက တတိယဆုများကိုလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး အလွတ်တန်း ၁၀ တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ဟန်ဂေရီအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် စပိန်အသင်းက တတိယဆုများကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ယွမ်လင်မြို့၌ အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် အာရှအဆင့် အင်အားကြီးနိုင်ငံများအပါအဝင် အရှေ့တောင်အာရှအဆင့် နိုင်ငံများဖြစ်သော ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၄ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာ့လက်ရွေးစင် လှေလှော်အသင်းသည် ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး ယခုတရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည့် (World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင်လည်း ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ကို ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းသည် စုစုပေါင်း ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ်လေးခုဖြင့် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များစွာကို ရယူပေးခဲ့ကြောင်း သိရသည်။
#News #Myanmar