Myanmar National Post

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ











ရန်ကုန်၊ အောက်တိုဘာ ၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်ချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့်အတွက်  လွှတ်တော်၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေးအတွက် ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပါကြောင်း၊ မိမိတို့လွှတ်တော်များသည် ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းစေရန်နှင့် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (၅) နှစ်စီမံချက် ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ ယင်းစီမံချက်ပါ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း အဆင့်အလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့လည်း မျှဝေပေးလိုပါကြောင်း၊ မိမိတို့လွှတ်တော်တွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်ကဏ္ဍ လိုအပ်ချက်များကိုလည်း အားဖြည့်ကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် အမြဲမျက်ခြည်မပြတ် လေ့လာလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လွဲမှားမှုမရှိစေလိုပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ဥပဒေပြုမဏ္ဍိုင်ဖြစ်ပါကြောင်း။

ဥပဒေပြုရေးလုပ်ငန်းသည် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပြီး လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများအား ဥပဒေအကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို လေ့လာသုံးသပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပြည်သူများက ယုံကြည်အားကိုးအားထားပြုသည့် လွှတ်တော်တစ်ရပ်ဖြစ်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံ ဖော်ဆောင်သည့်အနေဖြင့် လွှတ်တော်သို့ မေးခွန်းများ၊ အဆိုများတင်သွင်းသည့်အခါတွင် စာအရေးအသား၊ စကားရပ်အသုံးအနှုန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ တရားဝင်ဖော်ပြသည့် အသုံးအနှုန်းများဖြင့်သာ သတိပြုရေးသားပြောဆို ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်မြေအကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒကို အသေးစိတ်သိရှိရန်လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုလိုအပ်ချက်များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ “ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လွှတ်တော်မှ ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာကဏ္ဍများကို အသုံးပြု၍ ပြည်သူများ သိရှိလာနိုင်စေရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအချက်အချာကျသည့် တိုင်းဒေသကြီးဖြစ်သည့်အလျောက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ စိတ်ချမ်းသာစွာ သွားလာနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့ကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကိုနားစွင့်၍ ဆောင်ရွက်ပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post