
မန္တလေး၊ အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက Y-Mandalay Hotel ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိုက်စိုးထွန်းနှင့်တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်လေးဖြူ၊ မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုး ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းသား/သူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို စတင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ၄ ဘာသာဂုဏ်ထူးရရှိသူ ၄၄ ဦး၊ ၃ ဘာသာဂုဏ်ထူးရရှိသူ ၃၆ ဦး၊၂ ဘာသာဂုဏ်ထူးရရှိသူ ၆၀ ဦး ၊ ၁ ဘာသာဂုဏ်ထူးရရှိသူ ၉၀ ဦး စုစုပေါင်း ကျောင်းသား/သူ ၂၃၀ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း
#News #Myanmar