Eleven Media Group

■ခေတ္တရပ်တန့်ထားသည့် ရန်ကုန်မြို့လယ်ရှိ Yoma Central စီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းများ အဆင့်လိုက် ပြန်လည်စတင်နိုင်ရန် စီစဉ်

■ Photo - Nikkei Asian

ခေတ္တရပ်တန့်ထားသည့် ရန်ကုန်မြို့လယ်ရှိ Yoma Central စီမံကိန်း၏ ဆောက်လုပ်ရေးလုပ်ငန်းများ အဆင့်လိုက် ပြန်လည်စတင်နိုင်ရန် စီစဉ်နေပြီး FMI နှင့် ရိုးမကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း FMI( First Myanmar Inverestment) က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၃ ရက်က နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်အရ စီမံကိန်းတွင် ပါဝင်သည့် အခြားရှယ်ယာရှင်များမှာ ၎င်းတို့ပိုင်ဆိုင်သည့်ရှယ်ယာများကို FMI နှင့် Yoma Strategic တို့ထံ အချိုးကျအလိုက် အမည်ခံတန်ဖိုးဖြင့် လွှဲပြောင်းပေးအပ်ကြမည်ဖြစ်သည်ဟု သိရသည်။

"ဒီသဘောတူညီချက်ဟာ Yoma Central စီမံကိန်းကို ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးလိုက်တဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရေရှည်မိတ်ဖက်ဖြစ်တဲ့Yoma Strategic နဲ့အတူ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းတွေကို အဆင့်လိုက် ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်စောင့်စားလျက်ရှိပါတယ်။ စီမံကိန်းမှာ ကျွန်ုပ်တို့ရဲ့ ပိုင်ဆိုင်မှုအချိုးအစား ပိုမိုများပြားလာခြင်းက Yoma Central အပေါ် ယုံကြည်မှုရှိခြင်းနဲ့ မြန်မာနိုင်ငံမှာ Yoma Group အနေနဲ့ ရေရှည်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမယ့် ကတိကဝတ်ကို ထင်ဟပ်ဖော်ပြနေပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပံ့ပိုးကူညီမှုတွေပေးခဲ့ကြတဲ့အပြင် ဒီရလဒ်ကို ရရှိစေဖို့ ကျွန်ုပ်တို့နဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ မိတ်ဖက်တွေနဲ့
ငွေကြေးထောက်ပံ့သူတွေကို ကျေးဇူးတင်ရှိပါတယ်" ဟု FMI ၏ အမှုဆောင်အရာရှိချုပ် (CEO) နှင့် အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောကြားသည်။

သဘောတူညီချက်အရ FMI မှာ စီမံကိန်းတွင် ၎င်း၏ ပိုင်ဆိုင်မှုအချိုးကို ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ၎င်း၏ ရေရှည်မိတ်ဖက်ဖြစ်သောYoma Strategic Holdings Ltd. ("Yoma Strategic") က ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်ကြောင်း၊ FMI နှင့် Yoma Strategic တို့သည် အဆိုပါစီမံကိန်း၏ လက်ရှိစီးပွားရေးလုပ်ငန်းဆိုင်ရာချေးငွေများကိုလည်း ၎င်းတို့၏ ပေးဆပ်ရန်ကျန်ရှိသည့် ပမာဏ (အတိုးအပါအဝင်) ထက် လျှော့ပေါ့ထားသော ဈေးနှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Yoma Central စီမံကိန်းကို တည်ဆောက်နေသည့် Meeyahta Development Limited ကုမ္ပဏီတွင် လက်ရှိပါဝင်နေသော မိတ်ဖက်လုပ်ငန်းများ ပိုင်ဆိုင်ထားသည့် စုစုပေါင်း ၄၀ ရာခိုင်နှုန်းသောရှယ်ယာများကို FMI နှင့် Yoma Strategic တို့က အနည်းအကျဉ်းမျှသာရှိသော ငွေပမာဏတစ်ခုဖြင့် ဝယ်ယူရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ ရှိနေသော ရှယ်ယာရှင်ဆိုင်ရာ ချေးငွေများ (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၆.၀ သန်းခန့်) လည်း ပါဝင်ကြောင်း၊သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် FMI နှင့် Yoma Strategic တို့သည် အဆိုပါစီမံကိန်း၏ စီးပွားရေးဆိုင်ရာ ချေးငွေများကိုလည်း လျှော့ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ အဆိုပါချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၇ သန်းခန့် ရှိသော်လည်း ၎င်းတို့ကို အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း FMI က ထုတ်ပြန်ထားသည်။

ယခင် မီးရထားရုံးချုပ်နေရာဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ရန်ကုန်မြို့လယ်ရှိ Yoma Central စီမံကိန်းတွင် ဘက်စုံအသုံးပြုဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်ပြီး လူနေအဆောက်အအုံများ၊ လက်လီအရောင်းဆိုင်ခန်းများ၊ ဟိုတယ်၊ တိုက်ခန်းများ အစရှိသည်တို့ ပါဝင်ပြီး
စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများကို မရေရာသော စီးပွားရေးအခြေအနေများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ယာယီရပ်ဆိုင်းခဲ့ရသည်ဟု FMI က ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group