Eleven Media Group

■ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Express ခရီးသည်တင်ယာဉ် သုံးစီး သတ်မှတ်ကီလိုမီတာထက်ကျော်လွန်၍ အရှိန်ပြင်းမောင်းနှင်သဖြင့် အရေးယူ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Express ခရီးသည်တင်ယာဉ် သုံးစီး သတ်မှတ်ကီလိုမီတာထက် များစွာကျော်လွန်၍ အရှိန်ပြင်းမောင်းနှင်သဖြင့် အရေးယူထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

အောက်တိုဘာ ၄- ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၀/၀ မှ ၁၅၈/၀ အကြား၊ (ရန်ကုန်မှမန္တလေးသို့) (အသွားလမ်း)တွင် ယာဉ်မောင်း နေမျိုးလင်း မောင်းနှင်သည့် 5P/1802 YUTONG အမျိုးအစား ရွှေပြည်ဟိန်း ခရီးသည်တင်ယာဉ် Express၊ ယာဉ်မောင်း သိန်းမြင့် မောင်းနှင်သည့် 9N/7285 YUTONG အမျိုးအစား မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ် Express နှင့် ယာဉ်မောင်း အောင်ဇော်လင်း မောင်းနှင်သည့် 2K/2041 YUTONG အမျိုးအစား ရွှေပြည်ဟိန်း ခရီးသည်တင်ယာဉ် Express ယာဉ်တို့သည် အုပ်စုလိုက် သတ်မှတ် 90 km/h ထက်များစွာကျော်လွန်၍အရှိန်ပြင်းစွာမောင်းနှင်နေသည်ကို တွေ့ရှိရသဖြင့် အမြန်လမ်းမကြီးဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသော ယာဥ်မောင်းများအနေဖြင့် အရေးကြီးကိစ္စရှိပါက အချိန်စော၍ ခရီးသွားရန်၊ အမြန်ရောက်လိုဇောဖြင့် အရှိန်တင်မမောင်းရန်အထူးလိုအပ်ပြီး ခရီးသည်တင်ယာဥ်မောင်းသူများအနေဖြင့် မိမိကြောင့် ခရီးသည်များ၏အသက်အန္တရာယ်မဖြစ်ပေါ်စေရေး အလေးထားရန် သတိပေးအပ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group