Eleven Media Group

■ တောင်သူလယ်သမားများအနေဖြင့် သီးနှံသိုလှောင်မှု၏ အကျိုးကျေးဇူးရရှိမှု အလွန်နည်းသည့်အတွက် 'သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှုစနစ်' ဆောင်ရွက်မည်

လက်ရှိတွင် သီးနှံသိုလှောင်မှု၏ အကျိုးကျေးဇူးကို ကုန်သည်စက်ပိုင်များနှင့် လှောင်လက်များသာရရှိပြီး တောင်သူလယ်သမားများအနေဖြင့် ရရှိခံစားနိုင်မှု အလွန်နည်းသည့်အတွက် 'သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှုစနစ်' ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

စပါးသီးနှံပေါ်ချိန်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက် ကြီးမားခြင်းကြောင့် စပါးဈေးကျဆင်း လေ့ ရှိသဖြင့် စပါးစိုက်တောင်သူများ အခက်အခဲ ဖြစ်ရကြောင်းနှင့် ဝင်ငွေလျော့နည်း ရရှိကြောင်း၊ တောင်သူ လယ်သမားများ ရောင်းချရန် လက်ဝယ်တွင် စပါးမရှိချိန်ရောက်မှ ဈေးပြန်လည် မြင့်တက်လေ့ရှိကြောင်း၊ သီးနှံ သိုလှောင်မှု၏ အကျိုးကျေးဇူးကို ကုန်သည်စက်ပိုင်များနှင့် လှောင်လက်များသာရရှိပြီး တောင်သူလယ်သမားများ အနေဖြင့် ရရှိခံစားနိုင်မှု အလွန်နည်းကြောင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် တောင်သူ လယ်သမားများက တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ဆန်စပါးအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများတွင် ဤဖြစ်စဉ်မျိုး ဖြစ်လေ့ရှိပြီး အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် တောင်သူလယ်သမားများ၏ ဝင်ငွေ လျော့နည်းမှု မဖြစ်စေရန် သတ်မှတ်သိုလှောင်ရုံများတွင် တောင်သူများ၏ သီးနှံများ အပ်နှံနိုင်ရန် စီစဉ်ပေးခြင်း၊ ထိုသို့အပ်နှံမှုအပေါ် တတိယအဖွဲ့အစည်း၊ ကျွမ်းကျင်သူ (Third Party) များဖြင့် အရည်အသွေး၊ အရေအတွက်ကို စနစ်တကျ စိစစ်လက်ခံကာ ကုန်လက်ခံပြေစာ ထုတ်ပေးခြင်းနှင့် အဆိုပါပြေစာကို အာမခံ/ အပေါင်အဖြစ်ထားရှိ၍ ကာလတိုချေးငွေ စီစဉ်ပေးခြင်း၊ ထိုချေးငွေကို တောင်သူများ အနေဖြင့် သုံးစွဲနိုင်ပြီး ဈေးကောင်းရချိန်၌ အပ်နှံ ထားသော သီးနှံများကို ရောင်းချပြီး ချေးငွေပြန်ဆပ်သည့် စနစ်ကို ဆောင်ရွက်ကြောင်း လေ့လာတွေ့ရှိရကြောင်း၊ ဤစနစ်သည် “သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေခံသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing)" ဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဤစနစ်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် စပါးလှိုင်လှိုင်ပေါ်ချိန် နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် စပါးစိုက်တောင်သူများအတွက် ထိုသို့ အပ်နှံထားနိုင်သည့် သိုလှောင်ရုံများကို သိုလှောင်ရုံမှတ်ပုံတင်စနစ် (MyRO) စနစ်တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံ (၅၈၈၆)ရုံ အနက် အခြောက်ခံစက်များနှင့် အခြားသတ်မှတ်ချက်များ၊ လိုအပ်ချက်များနှင့် ကိုက်ညီ သည့် သိုလှောင်ရုံများတွင် စတင်ဆောင်ရွက်ရန် စီစဉ်သွားမည် ဖြစ်သဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သော သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် ၂ဝ၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း အမြန်ဆက်သွယ်၍ ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ကြောင်း သိရသည်။

ယင်းစနစ်တွင် အရည်အသွေး၊ အရေအတွက် စိစစ်အကဲဖြတ်ခြင်း၊ တန်ဖိုးသတ်မှတ်ခြင်းနှင့် သိုလှောင် ထားချိန်တွင် သီးနှံများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် အခါအားလျော်စွာ ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်မည့် တတိယအဖွဲ့အစည်း/ ကျွမ်းကျင်သူ (Third Party/ Third Person) များ လိုအပ်ပြီး အတွေ့အကြုံရှိသော အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်အပ်ကြောင်း၊ သိုလှောင်ရုံ တွင် သီးနှံကုန်စည် အပ်နှံမှုအပေါ် ကာလတို (၆)လမှ (၉)လ သက်တမ်းအတွက် သင့်တင့်မျှတသော ဘဏ် အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးမည့် ဘဏ်များ၊ အာမခံဆောင်ရွက်မှုပေးမည့် အာမခံအဖွဲ့အစည်းများကိုလည်း လုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို ဆောင်ရွက်ခြင်းဖြင့် အခြောက်ခံစက်များရှိသော သိုလှောင်ရုံများတွင် စနစ်တကျ သိုလှောင် ထိန်းသိမ်းခြင်းကြောင့် ရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများကို လျော့ချနိုင်ခြင်းနှင့် တောင်သူ လယ်သမား များ ဝင်ငွေတိုးတက်ရရှိခြင်း၊ သီးနှံအရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊ ရာသီဥတုပြောင်းလဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံအတွင်း သီးနှံများကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်းနှင့် သတင်းအချက်အလက်များ ပိုမိုစနစ်တကျရရှိခြင်း စသော အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သုတေသန တွေ့ရှိချက်များရှိကြောင်း၊ တောင်သူများအနေဖြင့် တစ်ဦးတစ်ယောက် တည်း လာရောက်အပ်နှံ ဆောင်ရွက်ခြင်းထက် စနစ်တကျစုဖွဲ့၍ စုပေါင်းဆောင်ရွက်ခြင်း၊ သမဝါယမ အသင်းအဖွဲ့ များ ပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါက ပိုမိုထိရောက် အကျိုးရှိကြောင်း၊ ထိုသို့စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လိုသော စပါးစိုက် တောင်သူလယ်သမားများအနေဖြင့် အကူအညီ လိုအပ်ပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လိုအပ်သည်များကို ကူညီအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖိတ်ခေါ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group