Eleven Media Group

■ ၂၀၂၆ ခုနှစ် ဆောင်းရာသီမှစ၍ မြေတစ်မျိုးတည်းတွင် သီးထပ်သီးနှံ စိုက်ပျိုးပါက တိုးမြှင့်ချေးငွေနှုန်းထားအတိုင်း ချေးငွေထပ်မံထုတ်ချေးမည်

၂၀၂၆ ခုနှစ် ဆောင်းရာသီမှစ၍ မြေတစ်မျိုးတည်းတွင် သီးထပ်သီးနှံ စိုက်ပျိုးပါက တိုးမြှင့်ချေးငွေနှုန်းထားအတိုင်း ချေးငွေထပ်မံထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ သိရသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍတွင် သီးထပ်စွမ်းအားတိုးမြင့်လာစေပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု တိုးတက်စေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးချိန်မှစ၍ မြေတစ်မျိုးတည်းတွင် သီးထပ်သီးနှံအဖြစ် စိုက်ပျိုးပါက တိုးမြှင့်ချေးငွေနှုန်းထားအတိုင်း ချေးငွေထပ်မံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီးထပ်စိုက်ပျိုးရေးချေးငွေ ထုတ်ချေးရာတွင် စပါး၊ အစေ့ထုတ် ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါနှင့် ချက်ကြံ စသည့် အဓိကသီးနှံ (၁၀)မျိုးကို အဓိကထား၍ ထုတ်ချေးသွားမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်မှ စတင်ထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၊ ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့် တောင်သူဦးကြီးများ အနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group