Eleven Media Group

ဂျာမနီထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ရုရှားဆင်နွှဲသည့် လျှို့ဝှက်စစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု သတိပေး

မော်စကိုက ညွှန်ကြားသည့် ပေါင်းစပ်တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် ဂျာမနီသည် ရုရှားနှင့်ဖြစ်ပွားသည့် ပဋိပက္ခထဲဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေးအကြီးအကဲက အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့သည်။

ဂျာမနီ၏BND ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲ မာတင်ဂျာဂါက ဂျာမနီနှင့် ဂျာမနီ၏မဟာမိတ်များကို ရုရှား၏ မကြေညာသော လျှို့ဝှက်စစ်ပွဲ ဆင်နွှဲမှုသည် အရှိန်မြင့်တက်နေပြီး ပိုမိုအန္တရာယ်များသော လက္ခဏာသစ်တစ်ရပ်ဖြစ်လာပြီဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

"ဂျာမနီဟာ ရုရှားနဲ့ဖြစ်ပွားမယ့် ပြင်းထန်တဲ့ ပဋိပက္ခထဲ ဆွဲသွင်းခံရမယ့် အန္တရာယ်ရှိနေပါတယ်"ဟု သူက ဘာလင်ရှိပါလီမန်၏ ထောက်လှမ်းမှုကြီးကြပ်ရေးကော်မတီ၏ ကြားနာပွဲ၌ ပြောကြားခဲ့သည်။

"လတ်တလောမှာ ဂျာမနီကို အခုလိုမျိုး တိုက်ရိုက် ပြည့်စုံကျယ်ပြန့်ပြီး ခိုင်မာတဲ့ခြိမ်းခြောက်မှုမျိုးကို အခြား ဘယ်နိုင်ငံကမှ မလုပ်ပါဘူး"ဟု သူက ဖြည့်စွက်ပြောခဲ့သည်။

အခြားအကြမ်းဖက်မှုများထဲတွင် ဩဂုတ် လတုန်းက လိုက်ပဇစ်လေဆိပ်ကို ဖောက်ခွဲရေးပစ္စည်းအပြည့်ပါသော ဒရုန်းဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းမှုကိုသူက ကိုးကား ပြောကြားခဲ့ပြီး ရုရှားအေးဂျင့်များကို အဓိကသံသယရှိသည်ဟု ဆိုသည်။

ဂျာမနီက ရုရှားသည် သူလျှိုစစ်ဆင်ရေး၊ အဖျက်အမှောင့်၊ အခြားဖျက်လိုဖျက်စီးလုပ်ရပ်စသည့် ပေါင်းစပ်တိုက်ခိုက်မှု စစ်ဆင်ရေးကို ဆင်နွှဲနေသည်ဟု ထပ်တလဲလဲ စွပ်စွဲထားသည်။

ဘာလင်က ရုရှားကို ဟန့်တားရန် နိုင်ငံ၏ စစ်တပ်ကို ပြန်လည်တည်ဆောက်ရေးအတွက် စံချိန်တင်များပြားသောငွေကြေးပမာဏကိုရင်းနှီးမြှုပ်နှံထားသည်။

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်သည် အောက်တိုဘာ ၄ ရက်တွင် ကိယက်ဗ်ကို မကြေညာဘဲသွားခဲ့ပြီး ယူကရိန်းကို နောက်ထပ်စစ်ရေးထောက်ပံ့မှုများပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး ဆက်လက်ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group