
မြောက်ဒဂုံမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရပြီး ဆိုင်ရှင်အမျိုးသားသေဆုံးမှု အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲကျော်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်အတွင်းသို့ အမျိုးသားသုံးဦးမှ ဝင်ရောက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ချုပ်ကာ ဆိုင်ရှင်အမျိုးသားအား ဆိုင်အတွင်းရှိ ဓားဖြင့် ရန်ပြုခဲ့ကြောင်း အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ဝန်းရံမှုးလူမှုကူညီကယ်ဆယ်ရေး အသင်းမှ စုံစမ်းသိရှိရသည်။
"အမျိုးသားသုံးဦးက ဆိုင်ထဲဝင်လာပြီး လုပ်သွားတာလို့ သိရပါတယ်။ ဆိုင်နောက်ထဲက ဓားနဲ့ ဆိုင်ရှင်ကို လုပ်သွားတာပါ။ ဆေးရုံရောက်ပြီး မကြာခင်မှာ သေဆုံးသွားပါတယ်" ဟု အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ဝန်းရံမှုးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူဆိုင်ရှင်မှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ဘယ်ဘက်၊ လည်ပင်းသွေးလွှတ်ကြောထိ၊ဘယ်ဘက် ပါးစောင်၊ ဂုတ်၊ ကျောပြင်၊ဘယ်ဘက် လက်ချောင်း၊ ညာဘက် လက်မောင်းပြတ်ရှဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်းရံမှုးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ စုံစမ်းသိရှိရသည်။