Eleven Media Group

■  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိ

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(အောက်တိုဘာ ၇ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ (အောက်တိုဘာ ၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) လာရောက်ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Bunga Raya Complex သို့ ရောက်ရှိလာရာ မလေးရှားနိုင်ငံ ကြိုဆိုရေးတာဝန်ခံ ဝန်ကြီး ဦးဆောင်သော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး ယာယီတာဝန်ခံ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် သံရုံး၊ စစ်သံရုံး မိသားစုဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ကြိုဆိုစဉ် မလေးရှားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် ဓလေ့ထုံးစံ အစဉ်အလာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်သည်။

မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး နှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော၊ ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group