
ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ရှမ်းပြည်နယ်အစိုးရသို့ တိုက်တွန်းကြောင်းအဆို အတည်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၇ ရက်) ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်က ကြေညာသည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ ယနေ့ (အောက်တိုဘာ ၇ ရက်) ဗုဒ္ဓဟူးနေ့တွင် အဆိုကို လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေးပြီး ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်က သဘောတူသဖြင့် လွှတ်တော်မှ အတည်ပြုကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို မိုင်းရယ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) မှ ဒေါ်ခိုင်သန္တာထွေးက လွှတ်တော်အစည်းအဝေး ဒုတိယနေ့ (အင်္ဂါနေ့) တွင် တင်သွင်းခဲ့ခြင်းပြီး လွှတ်တော်အစည်းအဝေး တတိယနေ့ (ဗုဒ္ဓဟူးနေ့) တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့အချိန်တွင် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသည် ရိုးရာဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားပုံစံများအပြင် စားသောက်ကုန်၊ အချိုရည်၊ မုန့်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများတွင်ပါ ပုံစံပြောင်း ရောစပ်ထုတ်လုပ်လာခြင်းများကို ပုံစံစုံ၊ ဒီဇိုင်းစုံ၊ နည်းမျိုးစုံနှင့် ပေါများပြန့်နှံ့လာနေခြင်းကို အလွန်စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါကြောင်း အဆိုတင်သူ ဒေါ်ခိုင်သန္တာထွေးက ဆိုသည်။
ထိုသို့ ပုံစံပြောင်း မူးယစ်ဆေးဝါးများသည် ကျောင်းသူ ကျောင်းသားများ၊ လူငယ်များနှင့် ပြည်သူလူထုအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် လွယ်ကူစွာ ရောက်ရှိနေပြီး တချို့သော စာသင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသူ လူငယ်များအကြား မုန့်ပဲသရေစာများတွင် ထည့်သွင်းပြီး တစ်ဦးနှင့် တစ်ဦး မျှဝေစားသောက်နေကြသည်ကိုလည်း ကြားသိရကြောင်း၊ ပြောင်းလဲထုတ်လုပ်လာသော မူးယစ်ဆေးဝါးများ၏ စျေးနှုန်းများသည် ၁၀၀၀၊ ၂၀၀၀ နှင့် ပေါပေါများများ အလွယ်တကူ ဝယ်ယူနိုင်ပြီး အချို့သော စားသောက်ဆိုင်၊ ကေတီဗွီတို့ကဲ့သို့ အပန်းဖြေရာနေရာတို့တွင် မူးယစ်ဆေးဝါးများကို ပုံစံအမျိုးမျိုး ရောစပ်ပြီး သုံးစွဲနေကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မိုးမိတ်မြို့နယ် ကိုယ်စားလှယ် အမှတ် (၂) ဦးစိုင်းခမ်းကျော် တင်သွင်းသော ရှမ်းပြည်နယ်အတွင်း သဘာဝသယံဇာတများ တရားဝင်၊ စနစ်တကျနှင့် ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေး၊ တရားမဝင် ထုတ်ယူမှုများ ထိန်းချုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကိုလည်း ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သေးသည်။