






နေပြည်တော်၊ အောက်တိုဘာလ ၇
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက် အအုံများအား အပိုင်း ၃ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။
အလားတူရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း များလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံ ၁၄၀ လုံးအား အပြီးတိုင်ဖြိုချ ဖျက်ဆီးခြင်းများကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ဆောင်ရွက်ခဲ့ရာ ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား ဇူလိုင်လ ၂၆ ရက်နေ့တွင် စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံး အား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချ ဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အား အသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံး ဟူ၍ အဆောက် အအုံအမျိုးအစား အလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာ ၆ ရက်နေ့ မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးရမည့် အဆောက်အအုံများအနက် ၅ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၄၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီး ပြီးဖြစ်ကြောင်းနှင့် ၆ ထပ် အဆောက်အအုံ ၁ လုံးအားလည်း ယမ်းပြင်းယမ်းကပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့်အဆောက်အအုံများအား အမြန်ဆုံးဖြိုချဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar