Myanmar National Post

DPLA နှင့် KNPP အမည်ခံအဖွဲ့ဝင် ၄၈ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာ










နေပြည်တော်၊ အောက်တိုဘာ ၇

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေး ထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန် လည်ထိန်းချုပ်နိုင်ခဲ့မှု များအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံ လျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှု များဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြ သည်။

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ DPLA အမည်ခံအဖွဲ့ဝင် အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၄ ဦး၊ KNPP အမည်ခံအဖွဲ့ဝင် အမျိုးသား ၁ဦး၊ စုစုပေါင်း ၄၈ဦးတို့သည် လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ သဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းမှူးက အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကဥပဒေအကြောင်းအရာများအား ဆွေးနွေး ပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA-1 သေနတ် ၂လက်၊ AK-47 သေနတ် ၁လက်၊ ကျည်အိမ်မျိုးစုံ ၆ခု၊ လက်ပစ်ဗုံး ၂လုံး၊ ကျည်မျိုးစုံ ၂၅၁ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် ၃ လက်အတွက် ငွေကျပ် သိန်း ၁၅၀ ၊ လက်ပစ်ဗုံး ၂လုံးအတွက် ငွေကျပ် ၆သိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူ ၄၈ ဦးအတွက်တစ်ဦးလျှင် ၁သိန်းနှုန်းဖြင့် ငွေကျပ် ၄၈ သိန်း၊ စုစုပေါင်း စုကြေးငွေကျပ် ၂၀၄ သိန်းနှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင် အတွင်းဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ယင်းနောက် ဥပဒေဘောင် အတွင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်မှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄ဦး ၊ ပင်းတယမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ ရွာငံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်မှ အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဖွယ်မြို့နယ်မှ အမျိုးသား ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ အမျိုးသား ၁ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသား ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှ အမျိုးသား ၁ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် DPLA နှင့် KNPP အဖွဲ့များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြ ရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း ၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း တို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post