





၂၀၂၆ အောက်တိုဘာ ၁၀
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁လက်မခန့်၊ ပျမ်းမျှအနက် ၆လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်အတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ အနီးကြီးကြပ် ကွပ်ကဲမှုဖြင့်ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ပါသည်။
လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိပါကြောင်းသိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ယနေ့နံနက် ၇နာရီအချိန်တွင် ရောက်ရှိပြီး တမံလျှောအိကျသည့်နေရာအား ကြည့်ရှုစစ်ဆေးကာ ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ဦး ခန့်အား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေးဆောင်ရွက်နေမှုများကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကာ စက်ယန္တရားများအသုံးပြု၍ တာအခြေထောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
#News #Myanmar