
နေပြည်တော်၊ အောက်တိုဘာ ၁၁
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံ လုံးဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန် စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ်ဆရာ ဆရာမ သုံးဦး တို့ကို ပြည်တွင်း (နေပြည်တော်)နှင့် ပြည်ပ(ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ)များကို လေ့လာရေး ခရီးစဉ်အဖြစ် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
ပြည်ပခရီးစဉ် ပို့ဆောင်ရေးမတိုင်မီ ပြည်တွင်းခရီးစဉ်အဖြစ် ယမန်နေ့က အမျိုးသားပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ထိုသို့လေ့လာစဉ် ပြတိုက်မှ တာဝန်ရှိသူများကပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ မြန်မာ့ကျောက် ခေတ်ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ ကျောက်ခေတ်သစ် ယဉ်ကျေးမှု၊ အညာသားယဉ်ကျေးမှု ထွန်းကားရာ ဒေသများ၊ နံရံဆေးရေးပန်းချီများ၊ ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ ခေတ်အဆက်ဆက်သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့တူရိယာများ သမိုင်းအကျဉ်း၊ ခေတ်အဆက်ဆက်ရုပ်သေးများ၊ တိုင်းရင်းသားရိုးရာတူရိယာများကို ရှင်းလင်းပြသကြသည်။
၉-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းကလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အဆိုပါကျောင်းသား ကျောင်းသူများကို ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားကြသည်။
အဆိုပါ ကျောင်းသား ကျောင်းသူများသည် အောက်တိုဘာ ၁၂ ရက်အထိ နေပြည်တော်အတွင်းရှိ အထင်ကရနေရာများကို သွားရောက်လေ့လာကြည့်ရှု ကြမည်ဖြစ်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့် တပ်မတော် စစ်သမိုင်းပြတိုက်တို့ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar