Myanmar National Post

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီး၌ သက်ကြီးပုဂ္ဂိုလ် ၅၂ ဦးအား အခမဲ့သွားတု(အံကပ်) တပ်ဆင်ပေး


နေပြည်တော်၊ အောက်တိုဘာ ၁၁

နေပြည်တော် ကုသရေးဦးစီးဌာန နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော သက်ကြီးပုဂ္ဂိုလ်   ၅၂  ဦးအား သွားတု(အံကပ်)တပ်ဆင်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်  သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီး၌ ဆောင်ရွက်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည်   နေပြည်တော်ကောင်စီဝင်များနှင့်အတူ လာရောက်ကြည့်ရှုပြီးအာဟာရဖြည့် စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အထူးကုဆရာဝန်ကြီးများနှင့်ဝန်ထမ်းများအတွက် ဂုဏ်ပြုလက်ဆောင်သစ်သီးခြင်းနှင့် ဆေးရုံအတွက် အလှူငွေများပေးအပ်ကာ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား   ရင်းရင်းနှီးနှီးအားပေးစကားပြောကြားသည်။

ယင်းနောက်၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့်  ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ်  ၁၆၂၃ က၊ တောင်သူ ဦးဌေး အောင်၏ လယ်မြေ ၁ ဒသမ ၆၅ ဧကတွင် ကရင်မထိပ်ဆောင်းစပါးမျိုး ပြန်လည်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုပြီး မိုး၊ ဆောင်း၊ နွေ တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး  မျိုး၊  မြေ၊  ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်နည်းစနစ်မှန်ကန်စေရေး၊ အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်း၊ စိုက်ပျိုးမြေများအား စနစ်တကျပြုပြင်နိုင်ရေး၊   သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး  ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ဆက်လက်၍   မန္တလေးလမ်းတစ်လျှောက်   သန့်ရှင်းသာယာလှပရေးနှင့် အလင်းရောင်ရရှိရေး ဆောင်ရွက်နေမှုကို   လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 


#News #Myanmar


မူရင်းသတင်း — Myanmar National Post