
သထုံမြို့နယ် ဆင်ဖြူကျွန်းကျေးရွာအုပ်စုအတွင်း မိုးကြိုးစက်ကွင်းမိပြီး သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အောက်တိုဘာ ၁၀ ရက် ည ၇ နာရီခွဲခန့်က အဆိုပါ ဆင်ဖြူကျွန်းကျေးရအုပ်စု၊ ရပ်ကွက် (၇) အပိုင်းရှိ နေအိမ်တစ်လုံးအနီး မိုးကြိုးပစ်ချလိုက်သဖြင့် ထိုနေအိမ်မှ သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ဖခင်ဖြစ်သူ ဦးကျော်သူ နေအိမ်ဘုရားခန်းမှာ ပုတီးစိပ်နေတဲ့အချိန်မှာ မိုးကြိုးပစ်ချလို့ ပြတင်းပေါက်မှန်တွေကွဲပြီး မှန်စထိမှန်ခဲ့လို့ ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။ နောက်ထပ် ဦးကျော်သူရဲ့ သမီးဖြစ်သူကလည်း အိမ်အနောက် မီးဖိုချောင်မှာရှိတဲ့ ဘေစင်မှာ ပန်းကန်တွေဆေးနေတဲ့အချိန်မှာ မိုးကြိုးပစ်ချလို့ ဘေစင်အုတ်ခုံကွဲပြီးတော့ အုတ်စတွေထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောကြားသည်။
မိုးကြိုးစက်ကွင်းမိခဲ့ကြသည့် သားအဖနှစ်ဦးစလုံး ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့ကြကြောင်းနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရဆဲဖြစ်ကြောင်း ၎င်းဒေသခံက ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းအတွင်း ဘောလုံးပြိုင်ပွဲကျင်းပနစဉ် မိုးကြိုးစက်ကွင်းမိ၍ Lion City (Mawlamyine) အသင်းမှ ရှေ့တန်းကစားသမား ကိုသန်းတိုးအောင် (ခ) Sa Sa မှာ ကွင်းအတွင်းလဲကျသေဆုံးခဲ့ကြောင်း သိရသည်။
Photo Credit - CJ