Eleven Media Group

မန္တလေးမြို့တွင် MNBC ၂၀၂၅ ကို စတင်ကျင့်သုံးလျက်ရှိပြီး ယင်းစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း ဆောက်​လုပ်နေသည့်အဆောက်အအုံများအား စစ်​ဆေး

မန္တလေးမြို့တွင် MNBC ၂၀၂၅ ကို စတင်ကျင့်သုံးလျက်ရှိပြီး ယင်းစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း ဆောက်​လုပ်နေသည့်အဆောက်အအုံများကို စစ်​ဆေးနေကြောင်း မြို့တော်ဝန်ဦးခင်မောင်အေး၏ ပြောကြားချက်အရ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ မန္တလေး(မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်းကျင်းပသည့် နည်းပညာနှင့်ဥပဒေကြောင်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို အောက်တိုဘာ ၁၁ ရက်နေ့က မြို့တော်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ မန္တလေးမြို့တော်ဝန်ဦးခင်မောင်အေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ မန္တလေး(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးရွှေဇင်တို့တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်မေဌေး၊ဦးဇော်ဝင်း၊ ဦးကျော်သူဝင်းတို့က ခေါင်းစဉ်အသီးသီးဖြင့် ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မန္တလေးမြို့တော်ဝန်ဦးခင်မောင်အေးက " MNBC ၂၀၂၅ ကို ကျင့်သုံးနေပါပြီ။ စံချိန်စံညွှန်းသတ်မှတ်ချက်တွေထွက်လာပြီးကတည်းက အဲဒီစံချိန်စံညွှန်းသတ်မှတ်ချက်တွေကိုင်ပြီး လက်ရှိဆောက်​လုပ်နေတဲ့အဆောက်အအုံတွေကို စစ်​ဆေးပြီးတော့ ဒီဟာနဲ့အညီ​ဆောင်ရွက်ဖို့ လမ်းညွှန်ချက်တွေပေးနေပါတယ်။လောလောဆယ်တော့ ဥပဒေအရ​အရေးယူဆောင်ရွက်ဖို့ ကြီးကြီးမားမားဖောက်ဖျက်မှုတွေမရှိပါဘူး။ ကျွန်တော်တို့သတိပေးဆုံးမတယ်။လိုက်နာမှုမရှိတဲ့ဟာတွေကို ပြုပြင်ပေးတယ်။" ဟု ပြောကြားခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံဖြင့်ကွဲလွဲပြီး ဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်း၊ သတ်မှတ်ဧရိယာထက်ပိုမိုဆောက်လုပ်ခြင်းစသည်များကို တားမြစ်ထားရာ ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် မညီဘဲဖြစ်စေ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ရပ်ဆိုင်းစေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း၊ ဖျက်သိမ်းစေခြင်းစသည့် အရေးယူမှုများဆောင်ရွက်သွားမည် ဟုလည်း မြို့တော်ဝန်ဦးခင်မောင်အေးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟောပြောပွဲတွင် Soil Investigation , Public Safety, Environmental Safety နှင့် PE, RSE, RE များ၏ တာဝန်များနှင့်ပတ်သက်ပြီး ဆွေးနွေးရုံသာမက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ကြသည့် အင်ဂျင်နီယာများ လိုက်နာ ဆောင်ရွက်ရမည့် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ပြဋ္ဌာန်းထားသည့် အဆောက်အအုံဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ အပြင် Myanmar National Building Code (MNBC) 2025 ကို အဓိကထားပြီး မျှဝေပေးခြင်း၊ ဒေသအာဏာပိုင် အဖွဲ့အစည်းကထုတ်ပြန်ထားသည့် ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း အင်ဂျင်နီယာပညာရှင်များ အနေဖြင့် ပိုမိုသိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းများတွင် ပိုမိုစနစ်တကျအကောင်အထည် ဖော်လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group