Myanmar National Post

မမြရေလှောင်တမံ မြေသားတာဘောင် နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်











ပုသိမ်၊ အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ မြေသားတာဘောင် နိမ့်ကျ မှု့ကြောင့် တမံ၏အရေးပေါ် ရေပိုလွှဲမှ  ရေထုတ်လွှတ်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှ တစ်ဆင့် မမြချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ လတ်တလော ထိခိုက်ပျက်စီးမှုမရှိသော်လည်း ပြည်သူများအား ဘေးအန္တရာယ် ထိခိုက်မှုမရှိစေရေးအတွက် ရေလွတ်ရာ ကုန်းမြင့်များသို့ကြိုတင် စီမံရွှေ့ပြောင်းပေးခြင်း ဖြစ်ပါကြောင်း၊  တမံတာအခြေထောက်ခြင်း လုပ်ငန်းများကိုလည်း စက်ယန္တရားများ၊ မြေသယ်ယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအား ရေလွတ်ရာကုန်းမြင့်များသို့ ရွှေ့ပြောင်း နိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ရေလွတ်ရာကုန်းမြင့်များသို့ လိုက်ပါရွှေ့ပြောင်းခြင်းအားဖြင့် ပြန်လည်ကူညီ ပေးစေလိုကြောင်း” အားပေးပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးဌာနတိုင်းဦးစီးမှူး၊ မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်ရင်းမှတာဝန်ရှိသူတို့က အားပေးစကားများ ဆက်လက်ပြောကြား ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မမြရေလှောင်တမံ မြေသားတာဘောင် နိမ့်ကျမှု့ကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့်ပြည်သူများကို ဆန်ရိက္ခာများနှင့် ပြည်သူများ ကြိုတင်ရွှေ့ပြောင်းရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ပြည်သူများနှင့်ရင်းရင်းနှီးနှီးအားပေးစကားများပြောကြားခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post