
ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေပြီး ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် မြိတ်နှင့် ထားဝယ်ကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းအပိုင်းမှာ သွားလာ၍မရသည်အထိ ပျက်စီးခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၈ ရက်မှစပြီး ယာဉ်ငယ်များ စမ်းသပ်သွားလာခဲ့ပြီး ကားကြီးများက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ထွက်ခွာနေသော်လည်း လမ်းခရီးအခြေအနေမှာ ဆိုးရွားနေကြောင်း သိရသည်။
"မြိတ်ခရိုင်၊ ပလောက်မြို့အထွက် ထားဝယ်ခရိုင်၊ အောက်သရက်ချောင်း၊ ကညင်ချောင်း၊ ဘုတ်တောင် စတဲ့နေရာတွေမှာ အရမ်းဆိုးနေသေးတယ်။ ထားဝယ်-ရန်ကုန်ကားလမ်းအနေအထားကောင်းတယ်။ မြိတ်နဲ့ ထားဝယ်ကြားလမ်း အတော်ဆိုးပါတယ်။ နယ်မြေတည်ငြိမ်မှုလည်း မရှိသေးပါဘူး" ဟု ခရီးသွားတစ်ဦးက ပြောကြားသည်။
မြိတ်နှင့် ထားဝယ်မှာ မိုင် ၁၇၀ ကျော်ကွာဝေးသော်လည်း ကားလမ်းအနေအထားကြောင့် ၁၀ နာရီခန့် သွားလာနေရကြောင်းသိရသည်။
"လမ်းမှာမြေပြိုကျထားတာကြောင့် ရွှံ့နွံ့တွေဖုံးနေတယ်။ ကညင်ချောင်းအခြေအနေဆိုးတယ်။ ဘုတ်တောင်ကို ရှောင်ကွင်းပြီး ရွာလမ်းလေးတွေက ကွေ့ဝိုက်သွားမယ်ဆိုရင်လည်း အချိန်နှစ်နာရီလောက်ထပ်ကြာမယ်။ လမ်းလည်းပျက်နေပြီ။သွားလာရမလွယ်သေးဘူး။ ရန်ကုန်မှာ ကုသရမယ့်လူနာတွေကို မြိတ်ကနေ နှစ်ရက်ခရီးအထိ အချိန်ယူမောင်းရလိမ့်မယ်။ ကျွန်တော်တို့လည်း ထားဝယ်သဘာဝဘေးကူညီဖို့ အတော်စွန့်စားပြီး သွားခဲ့ရတယ်။ မနက်အစောကြီးထွက်တာ ထားဝယ်ကိုည ၈ နာရီမှရောက်တယ်" ဟု ပရဟိတသမားတစ်ဦးက ဆိုသည်။
ကုန်စည်စီးဆင်းမှုမပြတ်တောက်ရန် ယာဉ်လိုင်းများက ပြေးဆွဲပေးနေသော်လည်း ကုန်ကျစရိတ်များပြားနေသည့်အတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။