
ယီမင်၏ဟူရ်သီအုပ်စုက ရီးယာ့ဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက်တစ်ရက်အကြာ အောက်တိုဘာ ၁၁ ရက်တွင် ယင်းလေဆိပ်ကိုပင် ထပ်မံတိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။
ဆော်ဒီမြေပေါ်တွင် ၁၀ နှစ်ကျော်တွင် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာ ၁၀ ရက်တိုက်ခိုက်မှုက ယီမင်စစ်ပွဲ သိသိသာသာအရှိန်မြင့်တက်လာမှုကို ပြသလိုက်ခြင်းဖြစ်သည်။
ဆော်ဒီက ယီမင်ပြည်တွင်းစစ်တွင် ဟူရ်သီကို တိုက်ခိုက်နေသော အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုယီမင်အစိုးရကို အကူအညီပေးနေသည်။
အီရန်အကူအညီပေးထားသောဟူရ်သီက လွန်ခဲ့သော ၂၄ နာရီတွင် လေဆိပ်အပါအ၀င် တိုက်ခိုက်မှု အများအပြားကိုလုပ်ဆောင်ခဲ့သည်ဟု အောက်တိုဘာ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး ဆော်ဒီလေဆိပ်များကို ဆက်လက်ပစ်မှတ်ထားမည်ဟုခြိမ်းခြောက်ခဲ့ကာ လေဆိပ်များသည်မိမိတို့၏တပ်ဖွဲ့များအတွက် စစ်ဆင်ရေးရပ်၀န်းဖြစ်သည်ဟု ဆိုခဲ့သည်။
ဟူရ်သီအုပ်စုကို တိုက်ခိုက်နေသောဆော်ဒီဦးဆောင်သည့်ညွန့်ပေါင်းက ဒုံးကျည်တစ်စင်းသည် King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုထိမှန်ခဲ့သည်ဟုသတင်းထုတ်ပြန်ခဲ့သည်။ ဒုံးကျည်ထိမှန်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။ လေကြောင်းကာကွယ် ရေးစနစ်ကဒုံးကျည်တစ်စင်းကို အနီးနားတွင် ကြားဖြတ်ပစ်ချခဲ့သည်ဟုဖြည့်စွက်ဖော်ပြခဲ့သည်။
လေဆိပ် လောလောလတ်လတ်တိုက်ခိုက်ခံခဲ့ရသောကြောင့် ပါကစ္စတန်နိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဆော်ဒီမြို့ပြလေကြောင်းအာဏာပိုင်းအဖွဲ့က X တွင် ထုတ်ပြန်ခဲ့သည်။
အာဏာပိုင်များကလေဆိပ်ပိတ်ထားခြင်းကို အောက်တိုဘာ ၁၂ရက် ဂရင်းနစ် စံတော်ချိန် ည ၉ နာရီအထိနောက်ထပ် ၂၄ နာရီ သက်တမ်းတိုးလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက်က ဆော်ဒီမြို့တော်ရီးယာ့ဒ်တွင် ပေါက်ကွဲသံအများအပြားကိုကြားရသည်ဟု AFP သတင်းထောက်များနှင့်ဒေသခံများက ပြောကြားခဲ့သည်။
Ref:AFP