
ရန်ကုန်မြို့အတွင်း မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို စတင်အရေးယူခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီခွဲမှစတင်၍ ကျောက်တံတားမြို့နယ် ဆူးလေခုံးကျော်တံတားအောက်တွင် ခွင့်ပြုထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
"ပညာပေးကာလ ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ဒီနေ့ကျောက်တံတား ဆူးလေခုံးတံတားအောက်မှာ စပြီးတော့ ပူးပေါင်းအဖွဲ့တွေနဲ့ စည်းကမ်းလိုက်နာမှုမရှိတဲ့သူများကို ပုဒ်မ ၉၆ အရ သုံးသောင်းထက်မပိုသော ဒဏ်ကြေးနဲ့ ဖမ်းဆီးအရေးယူခဲ့တာပါ။ နောက်ရက်တွေမှာလည်း စမ်းချောင်း၊ ကမာရွတ်နဲ့ ဗဟန်းမြို့နယ်တို့မှာလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ " ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာတစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၁၁ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်ဖြင့်သွားလာသူများသည် လမ်းဖြတ်ကူးလိုလျှင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာ စသည်တို့မှသာ ဖြတ်ကူးရမည်ဖြစ်သဖြင့် စည်းကမ်းလိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ထုတ်ပြန်သည်။