
အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ )
နီပေါနိုင်ငံ မြောက်ပိုင်းမှာ တနင်္ဂနွေနေ့( မနေ့) က တောင်ကျရေအလုံးလိုက်ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တွေနဲ့ တံတားတွေကို ရေစုန်မျောပါသွားခဲ့ပါတယ်။ အနည်းဆုံး လူငါးဦး ပျောက်ဆုံးနေတယ်လို့ ဒေသတွင်း သဘာဝဘေး အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း လူ ၁,၄၀၀ ကျော် သေဆုံးစေခဲ့ပြီး ဆိုးရွားပြင်းထန်တဲ့ ရေကြီးမြေပြိုမှုကြီး ဖြစ်ပွားပြီး တစ်လကျော်အကြာမှာ အခုလို ထပ်မံကြုံတွေ့ရတာ ဖြစ်ပါတယ်။
စနေနေ့တုန်းက မြစ်လက်တက်တစ်ခုကို မြေပြိုကျမှုက ပိတ်ဆို့သွားခဲ့ပြီး၊ နောက်ပိုင်းမှာ ရေတွေစုပုံလာပြီး ရုတ်တရက် ဖောက်ထွက်လာတာကြောင့် အခုလို ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ နီပေါနိုင်ငံ ရေဥတုနဲ့ မိုးလေဝသဌာန တာဝန်ရှိသူတစ်ဦးက ခတ္တမန္ဒူပို့စ် သတင်းဌာနကို ပြောခဲ့ပါတယ်။
မြောက်ပိုင်း ဂေါ်ခါ ခရိုင်ထဲမှာ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၃၅ လုံးကနေ ၄၀ ခန့် ရေစုန်မျောပါ သွားခဲ့ပြီး တံတားအချို့လည်း ပြိုပျက်ခဲ့သလို လမ်းတွေနဲ့ ရေအားလျှပ်စစ် လုပ်ငန်းတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။
တောင်ကြားဒေသတစ်ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် အဆောက်အအုံတွေ ရေထဲမျောပါသွားတာကို ပြသထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေက ရဟတ်ယာဉ်တွေနဲ့ လုံခြုံရေးဝန်ထမ်း ရာပေါင်းများစွာကို စေလွှတ်ထားတယ်လို့ နိုင်ငံပိုင် ရေဒီယိုနီပေါ ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ အနည်းဆုံး နိုင်ငံခြားသား ၉ ဦး အပါအဝင် လူ ၈၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီလို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
ဒီနောက်ဆုံး ဖြစ်ပွားတဲ့ ရေဘေးဒဏ်ဟာ ဩဂုတ်လ ၂၆ ရက်နေ့တုန်းက နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံ တိဘက် ဒေသအချို့မှာ အလွန်အမင်း ဆိုးရွားပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပြီး တစ်လကျော်အကြာမှာ ထပ်မံကြုံတွေ့ရတာ ဖြစ်ပါတယ်။ စက်တင်ဘာလနှောင်းပိုင်း စာရင်းတွေအရ အနည်းဆုံး အလောင်း ၁,၄၅၁ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး လူ ၅,၇၄၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ NDRRMA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
REF: RT
#News #Myanmar