Myanmar National Post

စားအုံးဆီအတွက် ဘီလီယံနဲ့ချီတဲ့ ငွေတွေ အရှုံးခံနေမယ့်အစား တောင်သူများအတွက် ရင်းနှီးမြှုပ်နှံပါ


ပြည်သူ့လွှတ်တော် ၉-၁၀-၂၀၂၆ ရက်နေ့ အစည်းအဝေးတွင် စဉ့်ကိုင်မဲဆန္ဒနယ် မှ ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် က စိုက်စရိတ်ချေးငွေများ စိုက်ချိန်မီထုတ်ချေးရန်၊ သွင်းအားစုများအား အခွန်လျှော့ပေးရန်၊ စပါးများအား ပြည်တွင်း၌ လွတ်လပ်စွာရောင်းချနိုင်ရန်နှင့် ပြည်ပဈေးကွက်ရရှိရန်၊ အတိုးနှုန်းသက်သာသော နှစ်ရှည် ဘဏ်ချေးငွေ ဆောင်ရွက်ပေးရန်၊ Export Zone သို့မဟုတ် ဆန်စပါးအထူးဇုန်များ သတ်မှတ်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းပြီး ဆက်စပ်အနေဖြင့်  စားအုန်းဆီ အပြင်မှဝယ်သည့်အခါ ဒေါ်လာအပြင် ၄,၀၀၀ လောက်ပေါက်ပါကြောင်း၊ ၂,၀၀၀ လောက်ကို အစိုးရမှ ရောင်းပေးနေပါကြောင်း၊ ဘီလီယံနှင့်ချီ ငွေများရှုံးပါကြောင်း၊ ရှုံးသွားသည့်ငွေသည် ပြည်သူ့အတွက်  မှန်သော်လည်း စားအုန်းဆီ အပြင်မှနေပြီး ဒေါ်လာများအပြင်မထွက်ရန် ပြည်သူများကို ရှုံးသွားသည့် ဘီလီယံနှင့်ချီသည့်ငွေများကို တောင်သူဆီတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင့် ထည့်သွင်း အကြံပြုပြောဆိုသွားသည်။

စဉ့်ကိုင်မဲဆန္ဒနယ် မှ ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် က -

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် တောင်သူလယ်သမား အများစုဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသော (Agro Base Country) ဖြစ်သောကြောင့် လယ်သမားများ ၏ အခန်းကဏ္ဍသည် အရေးပါနေဆဲဖြစ်ပါကြောင်း၊ တိုင်းပြည်စီးပွာရေး အတွက် လယ်ယာကဏ္ဍ ပါဝင်မှု အချိုးအစားမြင့်မားနေပါသဖြင့် အဓိက မောင်းနှင်အားဖြင့် အလေးထား ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ လယ်ယာကဏ္ဍအား တစ်ဧကအထွက်နှုန်း ကောင်းမွန်စေရေး အတွက် ထွက်နှုန်းနည်းပါးဧကများအား မျိုးမြေရေနည်းပညာများဖြင့် ကုစားရေးလုပ်ငန်းစဉ်များကို မြို့နယ် အလိုက် စီမံချက်များချမှတ်ပြီး သုတေသနလုပ်ခြင်း၊ ပညာပေးခြင်းလုပ်ငန်းများ စိုက်ပျိုးရေး ဝန်ထမ်းများ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာ၊ သား၊ ငါး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အစီအမံများချမှတ်ပြီး အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ သို့ရာတွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ပိုမိုမြင့်မားစေရန်အတွက် ထပ်မံဖြည့်စည်းပေးရန် ကျန်ရှိနေသော အချက်အလက်များကို အကျဉ်းချုပ် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စတင်ပြင်ဆင်ချိန် သည် ဇွန်လ ဖြစ်သော်လည်း လယ်သမားများအတွက် စိုက်စရိတ်ချေးငွေထုတ်ပေးသည့် ကာလသည် ၉ လပိုင်း ၃၀ ရက် နောက်ဆုံးထားပြီး ထုတ်သွားတာကြည့်ခြင်းအားဖြင့် အချိန်ကာလက အံဝင်ခွင်ကျမှု မရှိပါသောကြောင့် စိုက်စရိတ်ချေးငွေများကို ပြင်ပမှ အတိုးနှုန်းကြီးစွာ စတင်ချေးငှားရသည်ကို တွေ့ရှိရပါကြောင်း၊ တောင်သူများ စပါးပေါ်ချိန်တွင် စပါးဈေးကျဆင်းပြီး တက်ဈေးကိုမစောင့်နိုင်ဘဲ ကြွေးပူဆပ်ရန် အတွက် အရှုံးခံရောင်းချနေရခြင်း၊ တချို့သောတောင်သူများသည် စပါးများ သိုလှောင်ရန်အတွက် ဂိုထောင်မရှိသောကြောင့် အရှုံးခံရောင်းချနေရခြင်းသည် အကြွေးသံသရာ လည်ခြင်း၏ အခြေခံအကြောင်းတရားများ ဖြစ်ပါကြောင်း၊ မျိုးစပါးနှင့်စပ်လျဉ်းပြီး အထွက်နှုန်း မြင့်သော ဒေသနှင့် ကိုက်ညီသော ရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်များ ရရှိမှုရာခိုင်နှုန်း နည်းပါးနေခြင်းကို နှစ်အလိုက် တိုးမြှင့်ထုတ်ပေးရန် တင်ပြလိုပါကြောင်း၊ ဈေးကွက်ဝင်သီးနှံများကို လည်း တိုးချဲ့စိုက်ပျိုးပြီး ထွက်ရှိလာသည့် စပါး၊ နှမ်း၊ နေကြာ၊ ကုန်ကြမ်းတိုက်ရိုက်အစား ဆန်၊ ဆီကုန်ချောအထိ ဖြစ်လာစေရေးအတွက် ပြည်တွင်း ပြည်ပ ဈေးကွက်ရရှိရေးအတွက် ကူညီပေး ရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် တောင်သူလယ်သမားရေးရာ ကော်မတီများ ဖွဲ့စည်းပြီး သီးနှံဈေးနှုန်းများညှိနှိုင်းဝယ်ယူခြင်း၊ နေရာအခက်အခဲရှိသူများအတွက် သီးနှံသိုလှောင်ရုံ များ ထားပေးခြင်း၊ အဆိုပါ သီးနှံများအား အပေါင်ကြေးထားပြီး သတ်မှတ်တန်ဖိုးနှင့်ညီမျှသော၊ ဖြစ်သင့်သော ငွေကြေးကိန်းဂဏန်းတစ်ခုကို သက်ဆိုင်ရာဘဏ်များမှ ထုတ်ချေးခွင့်ရရှိရေးလည်း ဆောင်ရွက်သင့်ပါကြောင်း၊လယ်ယာလုပ်ငန်းတွင် အဓိကသွင်းအားစုဖြစ်သော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးစက်ကိရိယာများ ဈေးနှုန်းကြီးမြှင့်မှုကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် များပြား နေရခြင်းကြောင့် နွားချေး၊ သဘာဝသစ်ဆွေးမြေဩဇာများဖြင့် ကုစားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လိုသည့်အတွက်ကြောင့် မြို့နယ်အလိုက် နွားမွေးမြူရေးဇုန်များကိုလည်း အလေး ထား  ဆောင်ရွက်သင့်ပါကြောင်း ၊ လယ်ယာစိုက်ချိန်အတွက် ထွန်ယက်ချိန်၊ ရိတ်သိမ်းချိန် တွင် ကုန်ကျစရိတ်သက်သာရန်အတွက် ကုန်ထုတ်လမ်းများတိုးချဲ့ဖောက်လုပ်ခြင်း စက်သုံးဆီလွယ်ကူစွာ ဝယ်ယူရရှိရေး၊ စက်မှုလယ်ယာဦးစီးဌာနမှ စိုက်အင်အားများကို တိုးချဲ့ပြီး ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းပေးစေချင်ပါကြောင်း၊ လယ်သမားများသည် ချေးယူထားသော ချေးငွေများမရှိဘဲ နှစ်အလိုက် အတိုးအရင်းဆပ်နေရတာနှင့် ကြွေးမြီသံသရာမှ နစ်မွန်းလျက်ရှိတာကို မိမိတို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး အလေးထားပြီး ခဏခဏမှာကြားနေတာ တွေ့ရှိရပါကြောင်း၊ ထို့အပြင် သားသမီး များ၏ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ ၎င်းကြွေးမြီသံသရာများနှင့် ဆက်စပ်ပြီး တိုင်းပြည်က ဆင်းရဲတွင်းကနေပြီး ရုန်းမထွက်နိုင်ခြင်းပဲ ဖြစ်နေပါကြောင်း။      

ယခုအခါ နိုင်ငံတော်တွင် စိုက်စရိတ်ချေးငွေများ တိုးမြှင့်ပေးခြင်းအတွက် ကြိုဆိုထောက်ခံ ပါကြောင်း၊ သို့သော် စိုက်ချိန်မီထုတ်ချေးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ၊ လယ်ယာလုပ်ငန်းများအတွက် အဓိကကျသော သွင်းအားစုများ အခွန်လျှော့ပေါ့ခြင်း၊ အခွန်လုံးဝ လျှော့ချ ခြင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိနှင့် ထွက်ရှိလာသော စပါးများအား ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းချနိုင်ရေးအတွက် ပြည်ပဈေးကွက်ရရှိရေးအတွက် သီးနှံအာမခံစနစ် ဈေးနှုန်း အာမခံထား ရှိစေရန် နိုင်ငံတော်နှင့် သက်ဆိုင်သူအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ တောင်သူဦးကြီးများ‌ ကြွေးမြီသံသရာမှ လွတ်ကင်းစေရန်အတွက် အတိုးနှုန်းသက်သာသော အရစ်ကျဘဏ်ချေးငွေစနစ်ဖြင့် နှစ်ရှည်ချေးငွေဆပ်စီမံချက်မျိုး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊ နိုင်ငံတော်မှဦးဆောင်၍ လုပ်ငန်းရှင်များ၊ တောင်သူများ၊ ပညာရှင်များ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်သော မြို့နယ်အလိုက် လယ်ယာမြေအထူးဇုန်များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် နိုင်ငံခြားဈေးကွက်ဝင် သီးနှံများတိုးချဲ့နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ လုံလောက်စွာထုတ်ပေးရေး နေရာအခက်အခဲရှိသူများအတွက် သိုလှောင်ရုံများတည်ဆောက်ပေးခြင်းသွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ပြည်နယ် အလိုက် Export zone သို့မဟုတ် ဆန်၊ စပါး အထူးဇုန်များ သတ်မှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် တောင်သူများကြွေးမြီသံသရာမှ တစ်စခြင်း လွတ်ကင်းနိုင်သော သီးခြားစီမံချက်များ ရှိ မရှိ တို့ကိုသိရှိလိုပါကြောင်း ဖြင့် မေးမြန်းသည်။ 


စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း က

နိုင်ငံတော်မှ စိုက်စရိတ်များကို စိုက်ချိန်အမီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိနဲ့စပ်လျဉ်းပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ခေတ်အဆက် ဆက် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်အရင်းအနှီးများကို ပံ့ပိုးထုတ်ချေးလျက် ရှိသည့် နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်ပါကြောင်း၊  နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားစုတွင် အဓိက အရေးပါသည့် စိုက်ပျိုးထုတ်ကုန်တိုးတက်ဖွံ့ဖြိုးရေးအတွက် တောင်သူလယ်သမားများလိုအပ်သည့် နှစ်စဉ် ရာသီအလိုက် မိုး၊ ဆောင်း၊ မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများကို ဖွံ့ဖြိုးရေးချေးငွေများအဖြစ် နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေး လျက်ရှိပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည့် နိုင်ငံတစ်ဝန်းမှာရှိသည့်တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေကို ယခင်ကထက် ပျမ်းမျှနှစ်ဆဖြင့် စပါး၊ ဂျုံသီးနှံနှင့်ချည်မျှင်ရှည်ဝါ သီးနှံများအတွက် တစ်ဧကလျှင် ကျပ် ၃၀၀,၀၀၀ နှုန်း၊ အခြားသီးနှံ ၁၈ မျိုး အတွက် တစ်ဧကလျှင် ကျပ် ၂၅၀,၀၀၀ နှုန်း၊ ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂုန်လျှော်အတွက် တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းတိုးမြှင့် ထုတ်ချေး ပေးလျက်ရှိပါကြောင်း၊ ထုတ်ချေးပေးသည့်ကာလမှ မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင် နှစ်များတွင် မေလ ၁၉ ရက်မှ ထုတ်ချေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်၌ မေလ ၁၂ ရက်တွင် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် စိုက်ချိန်အမီ ထုတ်ချေးပေးခြင်းမရှိဘူးဆိုသည့် ကိစ္စသည် မိမိတို့၏ ညွှန်ကြားချက်အရ မေလ ၁၂ ရက်မှစပြီး ယခုနှစ်မှာ စတင်ထုတ်ချေးခဲ့ခြင်းဖြစ်ပါကြောင်းနှင့် အခြားအကြောင်းရာများကိုလည်း ထပ်မံစိစစ်ပြီး အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၊ လယ်ယာ လုပ်ငန်းများအတွက် အဓိကကျသော သွင်းအားစုများကို အခွန်လျှော့ပေါ့ခြင်း သို့မဟုတ် အခွန်လုံးဝ လျှော့ချခြင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် ၎င်းတို့၏စိုက်သုံးရမှုများအား ဇိမ်ခံပစ္စည်းအပါအဝင် အခြားသောကုန်စည်များမှ အခွန်တိုးကောက်ခြင်းအား ကာမိရန် ဆောင်ရွက်မည့်အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းပြီး ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ စပါး၊ ဆန်၊ ဂျုံစေ့၊ ဖွဲကြမ်း စသည့်ကုန်စည်များ၊ ပဲအမျိုးမျိုး၊ ပြောင်းအမျိုးမျိုးစသည့် ကုန်စည်များ၊ ကြက်သွန်၊ အာလူး၊ ငရုတ်၊ ဟင်းခတ်အမွှေးအကြိုင်စသည့်ကုန်စည်များ၊ ဟင်းသီးဟင်းရွက်များ၊ လက်ဖက်ခြောက်နှင့် ဆီအမျိုးမျိုး စသည့်ကုန်စည်များ၊ မြေဆီနှင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုး၊ ပေါင်းသတ်ဆေး အမျိုးမျိုး၊ ရောဂါပိုးသတ်ဆေးအမျိုးမျိုး စသည့်ကုန်စည်များ၊ အပင်မျိုးစေ့၊ ပျိုးပင်ကုန်စည်များ၊ လယ်ယာသုံးစက်ကိရိယာနှင့် စက်အပိုပစ္စည်းများ စသည့်ကုန်စည်အမျိုးမျိုးအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ စက်မှုလယ်ယာဝန်ဆောင်မှု လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ကုန်သွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည့် ပြည်တွင်းလုပ်ငန်းငယ်များအပေါ် နှစ်တစ်နှစ်အတွင်း ရရှိငွေ စုစုပေါင်း ဝင်ငွေကျပ်သိန်း ၅၀၀ အထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်း၊ ထုတ်လုပ် ရောင်းချသူအဆင့်တိုင်းတွင် အခွန်ကိုတစ်ကြိမ်တည်းသာကျသင့်စေရန်အတွက် ကျသင့်မည့်ကုန်သွယ် လုပ်ငန်းခွန်မှ ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်ပေးစဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် ကို စည်းမျဉ်းနှင့်အညီ ခုနှိမ်နိုင်ရန်ခွင့်ပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဒီဇယ်ဆီ HSD 500 ppm အပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် ကြိုတင် ဝင်ငွေခွန်တို့ကို ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လ တို့အတွက် အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ ဓာတ်မြေဩဇာအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်ကို ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့အတွက် အခွန်ကင်းလွတ်ခွင့်ပြုခြင်းများ စသည့်အခွန် လျှော့ပေါ့ခြင်း သို့မဟုတ် အခွန် လုံးဝလျော့ချခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း။ 

အခွန်ကင်းလွတ်ခွင့်ပြုထားသည့်လုပ်ငန်းများ၏ အခွန်ဘဏ္ဍာများ ကာမိစေရန် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုထိခိုက်နိုင်သည့် စားသုံးမှုကိုလျှော့ချ စေလိုသည့် ကုန်ပစ္စည်းများနှင့်ဇိမ်ခံပစ္စည်းများအပေါ်မှာ သီးခြားဥပဒေတစ်ရပ်နှင့် သတ်မှတ် ဆောင်ရွက်နိုင်ရန်အတွက် အထူးကုန်စည်ခွန်ဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁၁)ဖြင့် ၁၈-၁-၂၀၁၆ ရက်နေ့တွင် အထူးကုန်စည်ခွန်ဥပဒေအား အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ အထူးကုန်စည်အဖြစ် သတ်မှတ်ထားသော ကုန်စည် ၁၄ မျိုးရှိပြီး ၎င်းဥပဒေနှင့်အညီ အမျိုးသားကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကုန်စည်များ ဖြစ်သည့်စီးကရက်၊ အရက်၊ ဆေးပေါ့လိပ် စသည့်ကုန်စည်များနှင့် ဇိမ်ခံ ပစ္စည်းများဖြစ်သည့် မော်တော်ယာဉ်များ အပေါ်တွင်စက်စွမ်းအားအလိုက် အခွန်နှုန်းထားမြင့်မြင့် သတ်မှတ်ကောက်ခံခြင်း တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေ ဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းနိုင်ရေး တစ်နှစ်အတွက်လိုအပ်ချက်ကို ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ၏ ထောက်ခံချက်၊ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့တို့၏ ထောက်ခံချက်တို့နှင့်အတူ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြပြီးခွင့်ပြုချက် အတိုင်း တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်း။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းများကို အမိန့်အမှတ်(၂/၁၉၉၃)ဖြင့် သွင်းကုန် လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုထားပြီး ဦးစားပေးကုန်စည်အဖြစ် တင်သွင်းခွင့်ပြုပေးလျက်ရှိပါ ကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်း ချရေး ဦးဆောင်ကော်မတီအနေနှင့်လည်း ၂၀၂၆ ခုနှစ်၊ မိုးစပါးနှင့် မိုးသီးနှံအတွက်လိုအပ်သော ဓာတ်မြေဩဇာများကို မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများမှ စုပေါင်းဝယ်ယူပြီးဖြန့်ဖြူးနိုင်ရန် သမဝါယမစနစ် Consortium ပုံစံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းဝင် ကုမ္ပဏီများအနေဖြင့် ဓာတ်မြေဩဇာများကို သက်ဆိုင်ရာဒေသအလိုက် အရောင်းဆိုင်အရောက် အမြတ်မယူဘဲ သယ်ယူစရိတ်နှင့် တင်ချခများထပ်ပေါင်း၍ ဒေသအရောက်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။ 

အရောင်းဆိုင်အဆင့်ဆင့်၌ ရောင်းချလျှင် ဈေးကြီးနိုင်သည့်အတွက် အသင်း၊ အစုအဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ တိုက်ရိုက်ရောင်းချနိုင်ရန် စီစဉ်ထားရှိခြင်း ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့ကို ချိတ်ဆက်၍ လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း ဝယ်ယူရရှိနိုင်ပါကြောင်း၊ ထွက်ရှိလာသော စပါးများအား ဈေးတက်ချိန်တွင် ပြည်တွင်း၍ လွတ်လပ်စွာရောင်းချနိုင်ရေးနှင့် ပြည်ပဈေးကွက် ရရှိရေး နိုင်ငံတော်နှင့်သက်ဆိုင်သူအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လယ်ယာထွက်ကုန်များကို ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများနှင့်ချိတ်ဆက်၍ ပြည်ပ ဈေးကွက်ကို ရှာဖွေပေးခြင်း၊MSME-Myantrade Viber Group Telegram Groupo တို့ဖွဲ့စည်းပြီး ကုန်သွယ်မှု သတင်းများ၊ ကုန်ဈေးနှုန်းသတင်းများ၊ နိုင်ငံတကာစီးပွားရေးသတင်းများ၊ ကုန်စည်ပြပွဲ သတင်းများကို နေ့စဉ်ဖြန့်ဝေပေးခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအား ပြည်ပမှဝယ်ယူသူများနှင့် တိုက်ရိုက်ချိတ် ဆက်ပြီး ကုန်သွယ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် Digital e-Commerce Platform တစ်ခုတည်ထောင်ထားရှိခြင်း၊ နိုင်ငံတကာနှင့် တရုတ်နိုင်ငံတို့တွင် နှစ်စဉ် ကျင်းပလျက်ရှိသော ကုန်စည်ပြပွဲများ၌ ပါဝင်ပြသနိုင်ရေး တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ၊ လယ်ယာထွက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တရားဝင်တင်ပို့နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ    စီးပွားရေးသံမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏ အဓိကအခန်းတစ်ခန်းဖြစ်သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)ကို ရေးဆွဲပြီး ၂၀၂၆  ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်ရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်ရေး၊ ပို့ကုန်ဈေးကွက်ကျယ်ပြန့်ရေး၊ နည်းပညာရရှိရေး၊ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများမှာ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် စနစ် တကျဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တွင် ဝန်ဆောင်မှုများ ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပြီး၊ တောင်သူဦးကြီးများ ကြွေးမြီသံသရာမှ လွတ်ကင်းစေရန်အတွက် အတိုးနှုန်းသက်သာသည့်အရစ်ကျဘဏ်ချေးငွေစနစ်နှင့် နှစ်ရှည်ဆပ်စီမံချက်မျိုး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိတို့နှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် လက်တွန်းထွန်စက်၊ ထော်လာဂျီ၊ ရေစုပ်စက်၊ ဆိုလာရေတင်စက်၊ မျိုးစေ့ချစက်၊ လယ်ထွန်စက်အသေး၊ ရိတ်ခြွေ စက်အသေး၊ ပဲခွဲစက်၊ ကောက်စိုက်စက်စသည့် တန်ဖိုးနည်းစက်ကိရိယာများမှစပြီး တန်ဖိုး မြင့်မား သည့် အခြောက်ခံစက်၊ သိုလှောင်ရုံ (Silo)၊ ဆန်စက် စသည့်စက်ကိရိယာ ပစ္စည်းများကို ဝယ်ယူနိုင် ရန်အတွက် ချေးငွေသက်တမ်း တစ်နှစ်နှင့် ချေးငွေပမာဏ ကျပ်သိန်း ၁၀၀မှ ကျပ်သိန်း ၅ဝဝ အထိကို နှစ်ချင်းဆပ်ချေးငွေ အဖြစ်လည်းကောင်း၊ ချေးငွေပမာဏ ကျပ်သိန်း ၅၀၁ မှ ကျပ်သိန်း ၁,၀၀၀ အထိ နှစ်တိုချေးငွေ အဖြစ်လည်းကောင်း၊ ကျပ်သိန်း ၁,၀၀၁ သိန်းမှ ကျပ်သိန်း ၃,၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃,၀၀၁ မှ ကျပ်သိန်း ၅,၀၀၀ အထိ တစ်ကဏ္ဍကို နှစ်ရှည်ချေးငွေအဖြစ် လည်းကောင်း၊ အတိုးနှုန်းတစ်နှစ်လျှင် ၆ ရာခိုင်နှုန်းဖြင့် အရစ်ကျပေးဆပ်မှု စနစ်ဖြင့် ထုတ်ချေးပေး လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုချေးငွေများကို အရစ်ကျစနစ်ဖြင့် ထုတ်ချေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို အသိပေးတင်ပြလိုပါ‌ကြောင်း၊ နိုင်ငံခြား ဈေးကွက်ဝင် သီးနှံမျိုးများတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များ လုံလောက်စွာ ထုတ်ပေးခြင်း၊ နေရာအခက်အခဲရှိသည့် တောင်သူများအတွက် သိုလှောင်ရုံများ တည်ဆောက်ပေးခြင်း၊ သွင်းအားစု များကို ဈေးနှုန်းသက်သာစွာဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိ ကိစ္စနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားဈေးကွက်ဝင်သီးနှံများ တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ လုံလောက်စွာထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်မှာ ရှိနေသည့် စိုက်ပျိုးရေး သုတေသနဦးစီး ဌာနမှ မျိုးစေ့များကို မျိုးမွေးမြူရေးပညာရှင်များက မွေးမြူထုတ်လုပ်ခြင်း ဖြစ်ပါကြောင်း၊ ၎င်းတို့ ကိုယ်တိုင် မွေးမြူထုတ်လုပ်ထားသည့် ဆင့်ပွားမျိုးစေ့၊ မျိုးသန့် မျိုးပွားမျိုးစေ့များကို စိုက်ပျိုးရေး ဦးစီးဌာနများ ပွားများပြီးသည့်အခါ တောင်သူများလိုအပ်သည့်  မျိုးစေ့များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မျိုးသန့်ခြံ ၄၃ ခြံကနေ စပါး၊ပဲမျိုးစုံ ဆီထွက်သီးနှံများအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ထုတ်လုပ်ပေးလျက်ရှိပါကြောင်း, အလားတူ ပုဂ္ဂလိကကုမ္ပဏီများမှ လည်း မျိုးကောင်းမျိုးသန့်မျိုးစေ့များကို စီးပွားဖြစ်မျိုးသန့်မျိုးစေ့အဖြစ် ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊။ 

ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်လုပ်ပေးမှုနှင့် ပြည်တွင်း ကုမ္ပဏီများမှ ထုတ်လုပ်ပေးသည့် မျိုးစေ့များအနေဖြင့် စပါးသီးနှံမှာ ၅၅ ရာခိုင်နှုန်း၊ အစေ့ ထုတ်ပြောင်း ၃၈ ရာခိုင်နှုန်း၊ မြေပဲမှာ ၇၃ ရာခိုင်နှုန်း၊ နှမ်း ၇၆ ရာခိုင်နှုန်း၊ နေကြာ ၆၁ ရာခိုင်နှုန်း၊ မတ်ပဲ ၄၀ ရာခိုင်နှုန်း၊ ပဲတီစိမ်း ၄၄ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၇၃ ရာခိုင်နှုန်း၊ ကြံ ၃၄ ရာခိုင်နှုန်းနှင့် ချည်မျှင်ရှည်ဝါ ၇၀ ရာခိုင်နှုန်းခန့်သာ မျိုးစေ့လွှမ်းခြုံသည့်အတွက်ကြောင့် မျိုးစေ့များပိုမို ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များမှဆက်လက်ပြီး မျိုးသန့် မျိုးစေ့များထုတ်လုပ်ပြီး ပွားများနိုင်ရေး တောင်သူများကို ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး စပါးအတွက် ငွေကျပ် ၂၃၀ ဘီလီယံဖြင့် ဆီထွက်သီးနှံအတွက် ၅၆.၃၁ ဘီလီယံ အရင်းမပျောက်မတည်ငွေများနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ထိုသို့ဆောင်ရွက်သည့်အခါ စပါးအတွက် တစ်ရာသီကို တစ်နှစ် ကျပ် ၂.၅ သိန်း၊ မြေပဲ တစ်ဧက ကျပ် ၄ သိန်း၊ နှမ်းတစ်ဧက ကျပ် ၂ သိန်း၊ နေကြာတစ်ဧကကျပ် ၂.၅သိန်း ချေးငွေ တန်ဖိုး နှင့် ညီမျှသည့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများထံသို့ အချိန်မီရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ထားရှိမှုအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ် အထိ နွေစပါး၊ မိုးစပါးအစီအစဉ်မှာ ကျပ် ၁,၀၃၄ ဘီလီယံ သုံးစွဲပြီးဖြစ်ပါကြောင်း၊ ဆီထွက် သီးနှံများအနေဖြင့် ၂၀၂၃-၂ဝ၂၄ ခုနှစ်မှ ၂ဝ၂၅-၂၀၂၆ ခုနှစ်အထိ ကျပ် ၁၆၇.၅၄၉ ဘီလီယံ သုံးစွဲခဲ့ပြီး ပိုမိုကျယ်ပြန့်နိုင်ရေး ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါကြောင်း၊ ဆန်စပါးစိုက်ပျိုးရေးအနေဖြင့် (Rice Export Zone) တည်ထောင်ပြီးသည့်အခါ  အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး၊ ရေရှည်တည်တံ့မှု ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် အရည်အသွေးမြင့်ဆန်များထုတ်လုပ်နိုင်ရေး ၊ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး၊ ဇစ်မြစ်ခြေရာခံနိုင်မှု (Traceability)၊ အရည်အသွေး အာမခံချက် နှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများ သေချာစေရန်အတွက် တောင်သူများ ဝင်ငွေ တိုးတက်ပြီး လူမှုဘဝမြှင့်တင်စေရန် ရည်ရွယ်ပြီး အရည်အသွေးတူဆန်များ အရေအတွက် အမြောက်အမြား စဉ်ဆက်မပြတ်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ရေး ရည်ရွယ်ပြီးဇုန်အလိုက်၊ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထုတ်လုပ်သည့် ပြည်ပတင်ပို့မည့်ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone REZ) စီမံကိန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါဆောင်ရွက်မှုများကို ဆောင်ရွက်သည့်အခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧက ကျပ် ၂.၅ သိန်း၊ Exporter ကုမ္ပဏီများက ကျပ် ၂ သိန်းဖြင့် တောင်သူများကို တိုက်ရိုက်ငွေသား ထုတ်ချေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါကြေင်း၊ ၎င်းဧရိယာများတွင်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ကျပ် ၃ သိန်းဖြင့် ပေါင်းမည်ဆိုပါက ၎င်းဒေသတွင် ၇.၅ သိန်းနှုန်းချေးငွေ အဖြစ် ရရှိပြီး တောင်သူများ အရင်းအနှီးပြည့်စုံစွာရရှိပါကြောင်းကို မိမိအနေဖြင့် တင်ပြလိုခြင်း ဖြစ်ပါ ကြောင်း၊ အဆိုပါလုပ်ငန်းများကို ၂၀၂၅-၂ဝ၂၆ ခုနှစ်၊ နွေစပါးရာသီမှစတင်၍ နေပြည်တော် ကောင်စီ နယ်မြေတွင် ၄,၈၀၀ ဧကနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၅,၆၄၅ ဧက စုစုပေါင်း ၁၀,၄၄၅ ဧကအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါဆောင်ရွက်ခဲ့မှု Pilot ပေါ်မှာ အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ပြီးသည့်အခါ ၂၀၂၆-၂၀၂၇ ခုနှစ်၊ လက်ရှိ မိုးစပါး ရာသီတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ၈၆.၀၅ ဘီလီယံကို အသုံးပြုပြီး ဧက ၃.၄ သိန်းကျော် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Rice Export Zone များ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အပေါ်တွင် အားနည်းချက်၊ အားသာချက်များ ပြုပြင်ဆောင်ရွက် ချက်များပေါ် မူတည်ပြီး ၎င်းဇုန်များ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် လိုအပ်သည် သွင်းအားစုများ ကိုလည်း ၎င်းဇုန်များ တင်သွင်းခွင့်ပြု နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းအနေဖြင့် အကြံပြုတင်ပြရာတွင် "မိမိအဓိက ပြောချင်သည့် လုပ်ငန်းစဉ်များကို ဖြေသွားသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊  တောင်သူများ မျှော်လင့်နေသည့် အချက်အလက်အချို့ရသွားပါကြောင်း၊ မျိုးထုတ်လုပ်ခြင်း သည်မိမိတို့ဆီမှာလည်း မျိုးသန့်တစ်ခြံရှိပါကြောင်း၊ နောက်တစ်ခါ သမမှလည်း ထုတ်လုပ်ပါကြောင်း၊ ဒါဆိုရင် မျိုး ကို စိုက်ဧကရာခိုင်နှုန်း၏ ဆယ်ရာခိုင်နှုန်းတောင် မပြည့်ထုတ်နေသေးသည့်အတွက် ၎င်းရလဒ်များသည် တောင်သူများ အကြွေးသံသရာမှ လွတ်ရန်၊ တိုင်းပြည်ကြီးပွားရန်ဆိုသည်ကို မျှော်လင့်လို့မရပါကြောင်း၊ ယနေ့ ထိုင်းတွင် သန်း ၆၀ လောက် မျိုး အတွက် သုတေသနပြု ပြီး ဗီယက်နမ်တွင် သန်း ၅၀၀ လောက်သုံးပါကြောင်း၊ မိမိ တို့တွင် တစ်သန်းလောက်သုံးသည့်အတွက် ကြည့်ရသည်မှအားမရသည့် အတွက် လွှတ်တော်များ ဘက်မှ ဘတ်ဂျက်ကို မည်သို့ ဆောင်ရွက်ပေး၍  နောက်ပိုင်း ညှိနှိုင်းဆောင်ရွက်သည့်လုပ်ငန်းစဉ် များလုပ်ရန် မိမိအနေဖြင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အကြံပြုချင်ပါကြောင်း၊ ၂ အချက်အနေဖြင့် စိုက်ပျိုးရေးတောင်သူ၊ ကုန်သည်ပွဲစား၊ မျိုးစေ့ထုတ်ရောင်း သည့်သူ၊ သွင်းအားစုအရောင်းဆိုင်၊ လယ်ယာသုံးစက်ကိရိယာရောင်းသည့်ဆိုင်၊ စက်ပိုင်များ  ၎င်းအဖွဲ့ ငါးဖွဲ့ရှိသည့် အထဲတွင် တောင်သူအဖွဲ့သာ မွဲနေပြီး ကျန်သည့်အဖွဲ့လေးဖွဲ့ ချမ်းသာနေသည်မှ သေချာပါကြောင်း၊ ၎င်းတို့ကို မိမိတို့က ချိန်ညှိရတော့မည်ဖြစ်ပါကြောင်း၊ တောင်သူက အခြေခံစိုက် သည်ဆိုပါက ကျန်သည့် လေးဖွဲ့က တောင်သူများအဆင်ပြေအောင် စပါးကိုကြိုထုတ်မလား၊ ပွဲစားမှ တစ်ဆင့် ၎င်းတို့ကြိုပေးမလား၊ စက်ပိုင်ဆီကကြိုထုတ်မလား၊ စက်ကိရိယာတွေပေးမလား မိမိတို့ နိုင်ငံ ယခုလို ချိန်ညှိခြင်းများမလုပ်နိုင်ဘူးဆိုပါက ဝန်ကြီးဌာန၏လုပ်ဆောင်ချက်က ရနေကြရလဒ်ထက် မပိုသည့်အတွက် ၎င်းကို အကြံပြုခြင်းဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့ငါးဖွဲ့ကို ညှိနှိုင်း ပေးရန် လေးစားစွာဖြင့် တင်ပြလိုပါကြောင်း၊ စားသုံးဆီကို တောင်သူများ အဓိက ထုတ်လုပ်ခြင်း ဖြစ်ပါကြောင်း၊ စားအုန်းဆီ အပြင်မှဝယ်သည့်အခါ ဒေါ်လာအပြင် ၄,၀၀၀ လောက်ပေါက်ပါကြောင်း၊ ၂,၀၀၀ လောက်ကို အစိုးရမှ ရောင်းပေးနေပါကြောင်း၊ ဘီလီယံနှင့်ချီ ငွေများရှုံးပါကြောင်း၊ ရှုံးသွားသည့်ငွေသည် ပြည်သူ့အတွက်  မှန်သော်လည်း စားအုန်းဆီ အပြင်မှနေပြီး ဒေါ်လာများအပြင်မထွက်ရန် ပြည်သူများကို ရှုံးသွားသည့် ဘီလီယံနှင့်ချီသည့်ငွေများကို တောင်သူဆီတွင် ရင်းနှီးမြှုပ်နှံလိုက်လျှင် မကောင်းဘူးလား။ ဒါမျိုးကို လွှတ်တော်ရယ်၊ အစိုးရရယ်၊ ဝန်ကြီးဌာနရယ် ပေါင်းစပ်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း၊ စားအုန်းဆီ ကုစားခြင်းသည် အချိန်ပိုင်းသာရမည်ဖြစ်ပါကြောင်း၊ တောင်သူကို ထွက်လာလျှင် မင်းစိုက်သည့် တစ်ဧကကို တစ်တင်းဆိုလျှင် ဒီလောက်ဝယ်မည်၊ မြေပဲဆိုလျှင် ဒီလောက်ဝယ်မည်၊ အာမခံနှင့် ပြောလျှင် တောင်သူများ စိုက်ပါကြောင်း၊ ရှုံးနေ၍ အစိုက်ပဲပြရသည့်အတွက် တောင်သူကို ကိုက်ညီ အောင်ပေးပြီး တကယ်လက်တွေ့စိုက်ပါပြီး ၎င်းလုပ်ငန်းစဉ်မျိုးအတွက် ရှုံးနေသည့် ဘီလီယံနှင့် ချီသည့် ငွေများကို တောင်သူများဆီတွင် ရင်းနှီးမြှုပ်နှံပေးပါရန် အကြံပြုတင်ပြပြီး ဆက်စပ်မေးခွန်းအား မေးမြန်းခဲ့သည်။ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း က -

မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းကို ဆောင်ရွက်သည့်အခါ တစ်ဆယ် ရာခိုင်နှုန်းခန့် ထုတ်လုပ်နိုင်သည်ဟု ပြောသွားပါကြောင်း၊ မိမိတို့အနေဖြင့် စောစောက တင်ပြခဲ့ သည့်အတိုင်း စိုက်ဧရိယာ၏ စပါးဆိုလျှင် ၅၂ ရာခိုင်နှုန်း ဖူလုံအောင် ဆောင်ရွက်နိုင်ပြီး ကျန်သည့် သီးနှံများတွင် ၇၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းစသည်ဖြင့် ၎င်းကိုလည်း ထုတ်လုပ်ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်သည့်အခါ အဓိကမှ မျိုးသန့်၊ မျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်ဆောင်ရွက်သည့်အခါ ပုဂ္ဂလိကနှင့် အကျိုးဆောင်တောင်သူနှင့် ပေါင်းစပ်ဆောင်ရွက်သည့်လုပ်ငန်းကို အရှိန်မြှင့်တင် ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် လိုအပ်သည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို ရရှိနိုင်ရေးအတွက် မိဘမျိုးကောင်း၊ မျိုးသန့်ရရှိရေးအတွက် ပြည်တွင်းရှိ သုတေသနဌာနများမှ ပံ့ပိုးပေးခြင်း၊ ပြည်ပမှ ပိုမိုကောင်းမွန်သည့် မျိုးများရရှိလာအောင်လည်း တင်သွင်းဆောင်ရွက်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ထို့ကြောင့် ဘတ်ဂျက်ငွေအနေဖြင့် ဒီနှစ်တွင် မိမိတို့တိုင်းဒေသကြီး ပြည်နယ်များတွင်ရော ပြည်ထောင်စုတွင်ရှိနေသည့် လုပ်ငန်းများတွင် မျိုးသန့် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ယခင်နှစ်ကထက်ပိုမိုတိုးမြှင့်တောင်းခံသွားမည် ဖြစ်သည့် အတွက် ၎င်းကို လွှတ်တော်တွင်စိစစ်သည့်အခါ ၎င်းအပိုင်းကို ပိုမိုထောက်ခံစိစစ်ပေးရန်အတွက် ဆောင်ရွက် ပေးရန်လည်း မေတ္တာရပ်ခံလိုခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးပြောသည့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သည့် အဖွဲ့ငါးဖွဲ့တွင် လေးဖွဲ့သည် အဆင်ပြေပြီး တောင်သူအစုအဖွဲ့ အဆင်မပြေဘူးဆိုသည့် အခြေအနေမျိုးဖြစ်ပါကြောင်း၊ ၎င်းနေရာတွင်လည်း အကြောင်းမျိုးစုံ တစ်ဒေသ နှင့်တစ်ဒေသ မတူညီဘူးသည့် အနေအထားမျိုးလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ အချို့သော တိုင်းဒေသကြီးပြည်နယ်များရှိ တောင်သူများသည် အမှန်တကယ် စိတ်ပါ ဝင်စားစွာနှင့် ဆောင်ရွက်ပါကြောင်း၊ နည်းပညာကိုလည်း စနစ်တကျလိုက်နာ ဆောင်ရွက် သည့် တောင်သူအစုအဖွဲ့များ အောင်မြင်သည့် သာဓကများလည်း တွေ့ရှိခြင်းဖြစ်ပါကြောင်း၊ အောင်မြင်သည့် ဒေသများတွင်ရှိနေသည့် လုပ်ငန်းစီမံဆောင်ရွက်မှုများကိုလည်း အခြားဒေသရှိ တောင်သူများ နှင့် ၎င်းဒေသကို ကြီးကြပ်ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များအနေဖြင့် သွားရောက် လေ့လာခြင်း၊ ဆွေးနွေး ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် သွားရမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post