Eleven Media Group

■ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိုက်မိပြီး မှန်လုံယာဉ်မောင်းအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံယာဉ်နှင့် လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ခရီးသည်တင်မှန်လုံယာဉ်မောင်းအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ရေးမြို့မှ သံဖြူဇရပ်မြို့သို့ မောင်းနှင်လာသည့် ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံယာဉ်မှာ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာနှင့် ပိန္နဲတောကျေးရွာကြားတွင် ရှေ့မှမောင်းနှင်နေသည့် ကားတစ်စီးအား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှလာနေသည့် လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ယာဉ်တိုက်မှုဖြစ်တဲ့နေရာအနီးမှာက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ရှိနေတော့ မှန်လုံကားယာဉ်မောင်းကို ဖမ်းခေါ်သွားကြတယ်။ ခရီးသည်မှန်လုံယာဉ်ကိုတော့ ယာဉ်နောက်လိုက်က သံဖြူဇရပ်မြို့ကားကြီးဝင်းအထိ ပြန်မောင်းလာတယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။

အဆိုပါ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ သံဖြူဇရပ်-ရေးကားလမ်းအပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေကြကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ရေးမြို့နယ် လမိုင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် (၂၉) နှစ်အရွယ် ကိုခင်ချိုဆိုသူမှာလည်း သံဖြူဇရပ်-ရေးကားလမ်း နှစ်ကရင်ကျေးရွာနှင့် ဘေးလမိုင်းကျေးရကြားတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

မူရင်းသတင်း — Eleven Media Group