Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical Co.,Ltd. (မှန်ဘီလူးစက်ရုံ) နှင့် Honey Garment Co.,Ltd. (အထည်ချုပ်စက်ရုံ) တို့မှ အာမခံအလုပ်သမားများကို စက်ရုံအရောက် ကျန်းမာရေး စောင့်ရှောက်မှုပေး

 


ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ စက်မှုဇုန်ရှိ Myanmar Asia Optical Co.,Ltd. (မှန်ဘီလူး စက်ရုံ) နှင့် Honey Garment Co.,Ltd.(အထည်ချုပ်စက်ရုံ) တို့မှ အာမခံအလုပ်သမားများကို ယမန်နေ့က အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားဆေးရုံကြီးများရှိ အထူးကုဆရာဝန်ကြီးများပါဝင်သော ရွေ့လျားဆေးကုသယာဉ် (MMU) ဖြင့် စက်ရုံအရောက် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

အလုပ်သမားဆေးရုံကြီးများမှ သမားတော်များ၊ သားဖွားမီးယပ်အထူးကု ဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ မျက်စိအထူးကု ဆရာဝန်များ၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်များပါဝင်သော ဆေးကုသရေးအဖွဲ့က စက်ရုံနှစ်ရုံမှ အာမခံအလုပ်သမား ၆၉၈၄ ဦးတို့ကို ဆေးကုသမှု ဝန်ဆောင်မှုများ၊ ECG ဖြင့် လိုအပ်သော နှလုံးစစ်ဆေးမှုများနှင့် ဓာတ်ခွဲစစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးဝါးများနှင့်မျက်မှန်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။

ထို့ပြင် စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးကော်မတီ၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ ကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေး ထူထောင်ရန်အတွက်အလုပ်ရှင်၊ အလုပ်သမားအကြား ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတို့ထားရှိ ရန်လိုအပ်ကြောင်းမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ရန်ကုန် တိုင်းဒေသကြီးမှ အကျုံးဝင်အာမခံ အလုပ်သမားတစ်သန်းကျော်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လက်ရှိတွင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေး ကုခန်း တစ်ခန်း၊ ဌာနကြီး ဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၃ခန်း၊ မီးဖွားခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းငါးခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့် အကြိမ်ရေ ၆၉၇၅၈၂ အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးတင်ပြတောင်းခံသည့်အကြိမ်ရေ ၇၇၈၇ အတွက် ငွေကျပ်သန်း ၇၉၇၄ ဒသမ ၃၉၆ နှင့် ၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိအကြိမ်ရေ ၂၂၁၉၆ အတွက် ငွေကျပ် ၂၄၆၂ ဒသမ ၄၂၅ သန်း ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post