Myanmar National Post

ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် သတင်းအကြောင်းအရာများကို ရွေးချယ်ပြီး အကျိုးရှိထိရောက်သော မီဒီယာဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း မှာကြား


မိုင်းဖြတ်၊ အောက်တိုဘာ ၁၈

ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် သတင်းအကြောင်းအရာများကို ရွေးချယ်ပြီး အကျိုးရှိထိရောက်သော မီဒီယာဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မိုင်းဖြတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ယမန်နေ့က တွေ့ဆုံစဉ် မှာကြားသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရန် ဒေသခံပြည်သူများ၏ ဆန္ဒ၊ လိုလားချက်နှင့် ပူးပေါင်းပါဝင်မှုတို့သည် အရေးကြီးသဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဒေသခံပြည်သူများ၏ အသံနှင့်အကြံပြုချက်များကို အလေးထားနားထောင်ပြီး မီဒီယာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ ဒေသအကျိုးပြုလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီဆောင်ရွက်ကြရန်၊ နိုင်ငံပိုင်မီဒီယာဖြစ်သည့်အတွက် မှန်ကန်မှု၊ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို အမြဲအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး အဆိုပါရုံးရှိ စာကြည့်တိုက်နှင့် ပြတိုက်ငယ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မိုင်းဖြတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်‌ချုပ်ရေးကော်မတီအတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါးစုံ၊ Sky Net DTH စလောင်း ငါးစုံနှင့် Myansat DTH စလောင်း ငါးစုံတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်‌ချုပ်ရေးကော်မတီ ဥက္ကဋ္ဌထံလည်းကောင်း၊ နယ်မြေခံတပ်နယ်အတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါးစုံနှင့် Sky Net DTH စလောင်း ငါးစုံတို့ကို တပ်နယ်မှ တာဝန်ရှိသူတစ်ဦးထံလည်းကောင်း ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများ ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက်အအုံသစ် ဆောက်လုပ်မည့် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ မိုင်းယောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်နှင့်မြို့နယ်ရုံးများကို ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ယုံကြည်စိတ်ချရသော သတင်းအချက်အလက် ရှာဖွေရယူနိုင်သည့်နေရာ၊ စာပေဖတ်ရှုလေ့လာနိုင်သည့်နေရာ၊ အသိပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်သည့်နေရာများအဖြစ် ပိုမိုအသက်ဝင်လာစေရန် ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ မိုင်းယောင်းမြို့ နယ်မြေခံတပ်နယ်အတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါး စုံနှင့် Sky Net DTH စလောင်း ငါးစုံတို့ကို တပ်နယ်မှ တာဝန်ရှိသူတစ်ဦးထံလည်းကောင်း၊ မိုင်းယောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါး စုံ၊ Sky Net DTH စလောင်းငါးစုံနှင့် Myansat DTH စလောင်း ငါးစုံတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌထံလည်းကောင်း ပေးအပ်သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post