

ကြို့ပင်ကောက်၊ အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေးအတွက် မြေစီလွှာများဓာတ်ခွဲစမ်းသပ်၍ မိမိမြေနှင့်ကိုက်ညီသော ဓာတ်မြေဩဇာများကို အချိန်ကိုက်သုံးစွဲပြီး သဘာဝမြေဩဇာများကိုလည်း တွဲဖက်သုံးစွဲကြရန်မှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ်မြေဩဇာသည် အပင်မှ အများအပြားလိုအပ်သည့် အဓိကအပင်အာဟာရဓာတ် နိုက်ထရိုဂျင် ၂၁ ရာခိုင်နှုန်းနှင့်အပင်မှ အနည်းငယ်သာလိုအပ်သည့် ဆာလဖာ ၂၄ ရာခိုင်နှုန်းပါဝင်ပြီး ဆာလဖာပါဝင်မှုမြင့်မားခြင်းကြောင့် မြေကိုချဉ်စေသောသတ္တိရှိသဖြင့် ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း စိုက်ပျိုးသီးနှံများတွင် သုံးစွဲမည်ဆိုပါက မိမိတို့စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့်သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့်ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက်များ ရယူအသုံးပြုရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)
#Myanmar #News