Myanmar National Post

အုတ်တွင်းမြို့နယ်၌ အယ်လ်နီညိုကာကွယ်ဖို့ ကြိုတင်စီမံဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်


အုတ်တွင်း၊ အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ​ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အယ်လ်နီညိုဒဏ်ကာကွယ်ဖို့ ကြိုတင်စီမံဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သီရိရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က စိုက်ပျိုးရေ၊ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေး အစီအမံများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျန်းမာရေးဆိုင်ရာများ ကြိုတင်စီမံဆောင်ရွက်ထားစေရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲဇော်က အယ်လ်နီညိုဒဏ်ကာကွယ်ရန် စီမံဆောင်ရွက်ရမည့်အချက်များဖြစ်သည့် ရေရရှိနိုင်မှုအပေါ် မူတည်ပြီး စိုက်ပျိုးချိန်ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေလိုအပ်မှုနည်းသော ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာသီးနှံများ စိုက်ပျိုးခြင်း၊ လယ်ယာစက်ကိရိယာများ အချိန်ကိုက်အသုံးပြုခြင်း၊ ရေအသုံးပြုရနည်းသော ရေသွင်း/ရေခမ်းအလှည့်ကျ စနစ်၊ အစက်ချစနစ်၊ ရေဖျန်းစနစ်များ အသုံးပြုခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်း၊ သတိပေးချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တောင်သူများအား အယ်လ်နီညိုဒဏ်ကာကွယ်ဖို့ ကြိုတင်စီမံဆောင်ရွက်စို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ခင်ခင်မာ

#Myanmar #News

မူရင်းသတင်း — Myanmar National Post