
မြန်မာ - ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသအတွင်း ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများထံသို့ ပို့လွှတ်ထားသည်ဟု ယူဆရသည့် အင်တာနက်လိုင်းနှင့် လျှပ်စစ်လိုင်းများအား ထိုင်းအာဏာပိုင်များက ဖြတ်တောက်ခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှတစ်ဆင့် မြန်မာနိုင်ငံ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ
အင်တာနက်လိုင်းနှင့် လျှပ်စစ်ဓာတ်အားများအား တရားမဝင်ပို့လွှတ်နေကြောင်း သံသယဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ထိုင်းနိုင်ငံ အမျိုးသားရုပ်သံနှင့် ဆက်သွယ်ရေးကော်မရှင်ရုံး (NBTC)၊ အွန်လိုင်းငွေလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC) ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အမှတ် (၇) ရဲတပ်ဖွဲ့နှင့်
စစ်ဆင်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ စံခလဘူရီမြို့နယ် နောင်လူကျေးရွာအုပ်စုအတွင်း အင်တာနက်အသုံးပြုမှု ပုံမှန်ထက်သိသိသာသာများနေသည့် သံသယဖြစ်ဖွယ် နေအိမ်နှစ်လုံးအား ဝင်ရောက်စီးနင်းစစ်ဆေးခဲ့သည်။
ထိုသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ရာ နယ်စပ်ဖြတ်ကျော်ကာ အင်တာနက်အချက်ပြထုတ်လွှင့်သည့် ရေဒီယိုစက်ပစ္စည်းများ
တပ်ဆင်ထားခြင်းနှင့် ဖိုင်ဘာအင်တာနက်ကြိုးများ တရားမဝင်သွယ်တန်းထားခြင်း၊ Ethernet Media Converter (၁၀) လုံး၊ စွမ်းဆောင်ရည်မြင့် Router ငါးလုံး၊ ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများ၊ LAN CAT5e ကွန်ရက်ကြိုးများကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ လျှပ်စစ်မီတာများကို ပြုပြင်မွမ်းမံကာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓာတ်အား တရားမဝင်ရောင်းချနေသည်ကိုလည်း
စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်မှ အဓိကသံသယရှိသူနှစ်ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ထိုဖြစ်စဉ်မှ လိုင်စင်ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသူများနှင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်သွယ်တန်းပေးထားသူများအား ဖော်ထုတ်ကာ ထိရောက်စွာအရေးယူနှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။
Photo Credit – Thai News