Myanmar National Post

နေပြည်တော်တွင် ကျင်းပမည့် ဗဟိုအဆင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှုတ်ဆက်အားပေး










ရန်ကုန်၊ အောက်တိုဘာ ၁၈

၂၀၂၆ ခုနှစ် နေပြည်တော်တွင် ကျင်းပမည့် ဗဟိုအဆင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အားပေးစကားပြောကြားရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်များက အောင်ပန်းဆွတ်ခူးနိုင်ခဲ့သည့် အစဉ်အလာများအတိုင်း မလျှော့သော ဇွဲ၊ စွဲမြဲသော ဝါသနာများဖြင့် ကြိုးစားယှဉ်ပြိုင်ကာ ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြု၍ ဘာသာရပ်အလိုက် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူကာ အောင်ပွဲနှင့်အတူ ပြန်လာနိုင်ပါစေကြောင်း အားပေးစကားနှင့် လိုက်ပါသွားကြသည့် အုပ်ချုပ်သူများ၊ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲဝင်များ၏ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို အထူးဂရုစိုက်ဆောင်ရွက်ပေးကြရန် စသည်တို့ကို ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများက သွားရောက်ကြမည်ဖြစ်၍ ယနေ့တွင် နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး ပို့ဆောင်ပေးသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post