
အင်းလေးဖောင်တော်ဦးဘုရားလေးဆူ ဒေသစာရီကြွချီပွဲတော် ခုနစ်ရက်မြောက်နေ့တွင် ညောင်ရွှေမြို့သို့ ကြွရောက်ကာ သုံးရက်တိုင်တိုင် အပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက် (သီတင်းကျွတ်လဆန်း ၇ ရက်) နံနက် ၇ နာရီတွင် လင်းကင်းကျောင်းမှ စတင်ထွက်ခွာကာ နံနက် ၈ နာရီတွင် ညောင်ရွှေမြို့သို့ ဘုရားဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းကင်းကျောင်းမှ ထွက်ခွာရာတွင် ဘုရားဆွဲလှေပေါင်း ၃၅ စင်း၊ လူဦးရေ ၃၂၅၀ ဦးတို့က ကုသိုလ်ယူ လှော်ခတ်ခဲ့ကြောင်းလည်း သိရသည်။
ညောင်ရွှေမြို့သို့ ဘုရားဆိုက်ရောက်ပြီးချိန်မှာပင် အင်းသားရိုးရာလှေပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ကာ အနိုင်ရရှိသောအသင်းများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူကို ညောင်ရွှေမြို့တွင် အောက်တိုဘာ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်တို့တွင် သုံးညတိုင်တိုင် ကိန်းဝပ်စံပယ် အပူဇော်ခံထားရှိမည်ဖြစ်ကာ အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီတွင် ညောင်ရွှေမြို့မှတစ်ဆင့် နန်းသဲကျောင်းသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၃)ရက် (အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်) အထိ အင်းလေးဒေသ (၂၁) ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။