
တက်လာတဲ့အစိုးရတိုင်းဟာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တက်လာကြတာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးအတွက်က လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေ ပပျောက်မှ ဖြစ်မယ်။ ပပျောက်အောင် လုပ်ကြသလားဆိုတော့ လုပ်တော့လုပ်နေတယ်။ ပပျောက်သွားခြင်းမျိုးမရှိဘူး။ တရားဥပဒေစိုးမိုးရေးမှာကတော့ ကျယ်ပြန့်လွန်းပါတယ်။ ကိစ္စရပ်တိုင်းမှာ ဥပဒေဆိုတာရှိတယ်။ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားတယ်။ ဒီနေရာမှာ ကိုယ်ကျိုးရှာလို့ ရတဲ့ နေရာဌာနများမှာ အမှုထမ်းနေကြတဲ့ နိုင်ငံဝန်ထမ်းတချို့ က ဥပဒေလုပ်ထုံးလုပ်နည်းတွေကို လက်တစ်လုံးခြားလုပ်ပြီး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာတယ်။ ဥပဒေကို နားမလည်တဲ့ ပြည်သူတွေမှာ နစ်နာပြီးရင်း နစ်နာရင်းဖြစ်နေကြရတယ်။ တင်ပြတိုင်ကြားပြန်တော့လည်း အဲဒီလက်တစ်လုံးခြားလုပ်ထားတဲ့သူတွေကိုပဲ ပြန်လည်စစ်ဆေး တင်ပြခိုင်းတယ်။ ပြဿနာအတွက် အဖြေထွက်မလာဘူး။
အစိုးရအဖွဲ့ အကြီးအကဲတွေက ဝန်ထမ်းတွေကို ယုံကြည်ကြတယ်။ သူတို့တွေလည်း နိုင်ငံဝန်ထမ်းခဲ့ကြတဲ့သူတွေဆိုတော့ ဝန်ထမ်းအချင်းချင်း ယုံတယ်ပေါ့။ နိုင်ငံဝန်ထမ်းအားလုံးကို သိမ်းကြုံးပြီး စော်ကားလိုခြင်းလည်း မရှိပါဘူး။ တချို့လို့သာ သုံးနှုန်းပြောဆိုခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံဝန်ထမ်းတွေဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေသူများပီပီ မှန်ကန်စွာ ဝန်ဆောင်မှုပေးတဲ့အတွက် လေးစားထိုက်တဲ့ ဝန်ထမ်းတွေပါ။ တချို့သော ပုဂ္ဂိုလ်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ပြည်သူတွေက ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကြတော့ ဝန်ထမ်းအများစုက ဝန်ထမ်းဆိုတာ ပြည်သူ့အကျိုးဆောင်နေသူလို့ မမြင်ကြတော့ဘဲ ပြည်သူလူထုအပေါ် မလိမ့်တပတ်လုပ်ပြီး ကိုယ်ကျိုးရှာသူတွေလို့ မြင်လာကြတယ်။ အဲဒီလို နိုင်ငံဝန်ထမ်းတွေရဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေကြောင့်ပဲ တိုင်းရင်းသားပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို အားကိုးရာလို့ ထင်ပြီး သူပုန်ဖြစ်သွားကြရတာတွေလည်း ရှိပါတယ်။
ဒီရက်ပိုင်းအတွင်း စာရေးသူထံရောက်လာတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းပြီး ကာယကံရှင်တွေကို ပြန်ပြောပြပါတယ်။
ပထမတစ်ခု လယ်ဝေးမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျေးရွာဥက္ကဋ္ဌဟောင်းအပါအဝင် တရားစွဲဆိုခြင်းခံနေရသူတွေ ရောက်လာလို့ ဖြစ်ကြောင်းကုန်စင် မေးမြန်းပြီး ရုပ်သံအင်တာဗျူးလည်း တင်ပြထားပါတယ်။ ကျောက်တစ်လုံးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကို မေးမြန်းလိုက်တော့ ပြန်လည်ဖြေကြားပေးပါတယ်။ ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ အဖြေပေးထားတာကို ကြည့်လိုက်တော့ မြို့နယ်က တင်ပြတဲ့အတိုင်း ပြန်လည်ဖြေကြားထားတယ်လို့ ယူဆရပါတယ်။ အဲဒီတော့ အဖြေမှာက ကျောက်တစ်လုံးကျောင်းစုရွာသားတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေကို ကုစားဖို့ ထင်ဟပ်ဖြေကြားထားခြင်းမျိုး မရှိဘူး။ ပုံစံ-၇ ထုတ်ပေးထားတာတွေကို ဥပဒေနဲ့အညီ ထုတ်ပေးထားသလိုလို ဖြေကြားတယ်ဗျာ။ အဲဒီမှာ စပြီး အလိမ်ပေါ်တော့တာပဲ။
၂၀၀၆ခုနှစ် ချောင်းမငယ်ရေလှောင်တမံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ကျေးရွာအတွက် ခြံကွက်များကို ၂၀၀၆မှာတစ်ကြိမ်၊ ၂၀၀၈မှာတစ်ကြိမ် ချထားပေးခဲ့တယ်။ ၂၀၁၀ ကြတော့ ထိုစဉ်က တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ စိုက်ပျိုးမြေ၊ စားကျက်မြေ ချထားပေးခဲ့တယ်။
ကျောက်တစ်လုံးကျောင်းစုရွာအတွက် ချထားပေးခဲ့တဲ့ စိုက်ပျိုးမြေတွေကို မဒေါ့ပင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆက်စပ်သူတွေက ပုံစံ-၇ တွေ ထုတ်ယူပြီး ရောင်းစားပြီးတာတွေလည်း ရောင်းစားပြီးပြီ။ စိုက်ပျိုးမြေဆိုတာ ကျောက်တစ်လုံကျောင်းစုအတွက် လုံလုံလောက်လောက်ချထားပေးခဲ့တာ မဟုတ်ဘူး။ မြို့နယ်တာဝန်ရှိသူတွေက ချထားပေးတဲ့ မြေကို တစ်ဧကကွက်ဖော်ပြီး ရွာထဲ မဲနှိုက်ပေးခဲ့တာ။ ၁၁၃ ဧက ပဲ ရှိတာ။ ရွာသားတိုင်း ရခဲ့တာ မဟုတ်ဘူး။ အဲဒီစိုက်ပျိုးမြေတွေကို တခြားရွာက လူတွေက ပုံံစံ-၇တွေ ထုတ်ယူပြီး ရောင်းစားသွားတာ။ ပုံစံ-၇ ထုတ်ပေးတဲ့အခါ ကျေးရွာမှာ ကန့်ကွက်နိုင်ကြောင်း လာရောက်အသိပေးခြင်းမျိုးလည်း တခါမှ မရှိခဲ့ဘူး။ စာရေးသူထံ ဖြေကြားတဲ့ အဖြေထဲမှာတော့ ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ပါသတဲ့။ ကျောက်တစ်လုံးကျောင်းစုက မြေတွေကို ကန့်ကွက်ဖို့ ဘယ်နေရာမှာ သွားကြေညာလဲ၊ မဒေါ့ပင်မှာ သွားကြေညာတာလား၊ မြို့ပေါ်မှာ ကြေညာတာလား။ ကျောက်တစ်လုံးကျောင်းစုရွာသားတွေကတော့ ဘာဆို ဘာမှ မသိလိုက်ရပါဘူး။ အခု သိတာကလည်း ခြံဝိုင်းကွက်တွေကို ပုံစံ-၇ ထုတ်ယူသွားသူက မူလ ခြံကွက်ရယူထားသူတွေကို တရားစွဲလို့ တရားရင်ဆိုင်ရတော့မှ သိကြတာပါဗျာ။
ကျေးရွာပြောင်းရွှေ့စဉ်က ဥက္ကဋ္ဌဖြစ်သူ ဦးကျော်အုံး အသက်လည်း ကြီးပါပြီ။ ရွာသားတွေအတွက် အခုထိ သူကိုယ်တိုင် လိုက်ပါလုပ်ဆောင်ပေးနေဆဲပဲ။ သက်ဆိုင်ရာက ဖြေကြားတဲ့ အဖြေစာရွက်ကို ဦးလေး ဘယ်လို သဘောရသလဲ။ ပြည့်စုံမှန်ကန်တဲ့ အဖြေလား မေးကြည့်တယ်။ သူတော်တော်စိတ်ညစ်သွားတယ်။ ကျွန်တော်လည်း အားပေးစကားပြောလိုက်ပါတယ်။ ဦးလေးတို့ကို ၂၀၀၆ ကတည်းက ချပေးထားတဲ့ မြေကွက်တွေကိုပါ ပုံစံ-၇ ထုတ်ယူသွားလိမ့်မယ်နော်လို့ ပြောလိုက်မိတယ်။ ဦးကျော်အုံး က "ဟုတ်တယ်၊ အခု အဲဒီလို ထုတ်ယူထားတာရှိတယ်လို့ သတင်းကြားနေတယ်။ အဲဒါကို ထပ်စုံစမ်းနေတယ်။" တဲ့။
ကဲ ဘယ်လိုလဲ။ ဦးလေးတို့ ကိစ္စကို သက်ဆိုင်ရာမြို့နယ်က လွယ်လင့်တကူနဲ့ မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်ပေးလိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ အဲဒီမှာ ဦးလေးတို့ မကျေနပ်မှုတွေဖြစ်ပြီး ပြဿနာတွေတက်ကြမယ်။ အဲဒီအထိလည်း ဖြေရှင်းပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။ သွေးထွက်သံယိုဖြစ်ပြီး ဟိုးလေးတကြော်ကြော်ဖြစ်မှ အမှန်တရားပေါ်ပေါက်လိမ့်မယ်လို့။ ဒီအကြောင်းကို ဒီနေရာမှာပဲ ရပ်ပါမယ်။
နောက်တစ်ခု ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကွင်းထဲက ပြဿနာပေါ့ဗျာ - ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ကျွန်တော် မေးခွန်းမေးပေးထားပါတယ်။ အဖြေကို နစ်နာလို့ တင်ပြထားတဲ့သူတွေထံ ပေးလိုက်တယ်။ အဲဒီအဖြေထဲမှာ လိမ်ညာထားတာတွေကို တင်ပြတိုင်ကြားထားသူတွေက ပြန်ရှင်းထားတယ်။ အဲဒီရုပ်သံလည်း ကျွန်တော်တင်ထားပြီးဖြစ်လို့ အကျယ်ချဲ့ပြီး မရေးချင်ပါဘူးဗျာ။ သဘောအားဖြင့် သူယုတ်မာတွေအကြောင်း တာဝန်ရှိသူများ သိစေလိုခြင်းကြောင့်သာ ရေးခြင်းပါ။ ဒီပြဿနာက ဦးသိန်းစိန်အစိုးရလက်ထက်မှာကတည်းက ပိုးစာစိုက်တောင်သူတွေအနေနဲ့ သူတို့ရဲ့ စိုက်ပျိုးမြေ ပြန်ရဖို့ တင်ပြခဲ့ကြတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ရှိနေပြီဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကိုလည်း အကူအညီတောင်းတယ်ပေါ့ဗျာ။ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေကိုယ်တိုင်က သူတို့တိုက်နိုင်တဲ့အဆင့်မဟုတ်ဘူးတဲ့။ အဲဒီ ပြဿနာက ယနေ့ သမ္မတကြီး ဦးမင်းအောင်လှိုင် လက်ထက်အထိ ပြဿနာအဖြစ်ပဲ ရှိနေသေးတယ်။ အဲဒီအထဲက တောင်သူတချို့ကို မြေကွက်ဝယ်ထားတဲ့သူတွေက လက်သိပ်ထိုးခေါ်ညှိတယ်။ မြေလျော်ကြေးပေးတာမျိုး မဟုတ်ဘူး။ သူတို့ တခြားနည်းအသုံးပြုခွင့်လျှောက်တာကို မကန့်ကွက်ပါဘူး။ မီးတိုင်စိုက်တာကို မကန့်ကွက်ပါဘူး။ အဲဒါမျိုးတွေ လက်မှတ်ထိုးခိုင်းပြီး ညှိတာ။ တောင့်ခံဖို့ မဖြစ်နိုင်တော့တဲ့အခါ ရသလောက်ယူပြီး ဒီနေရာကို စွန့်သွားကြတာပေါ့ဗျာ။ ကျန်နေသူ ၇ဦးသာ ရှိပါတော့တယ်။ ပြဿနာတစ်ခုကို မှန်ကန်စွာ ဖြေရှင်းချင်တာဆိုရင် အဲဒီလို လုပ်ရမှာမဟုတ်ဘူးလေ။ အားလုံးကို ခေါ်၊ ဥပဒေမဲ့ အသုံးပြုတဲ့သူတွေကလည်း အသုံးပြုနေပြီ။ စိုက်ပျိုးမြေလို့ ပြစရာနေရာလည်း မရှိတော့ဘူး။ ဒါကို စိုက်ပျိုးလုပ်ကိုင်ခွင့်ရဖို့ ပြန်အရေးဆိုနေသူတွေကို မနစ်နာအောင် ဘယ်လို စီစဉ်ပေးမလဲ။ ဒါမျိုးဖြစ်ရမယ်မဟုတ်လား။
နစ်နာသူတွေရဲ့ တင်ပြမှုအတွက် အဖြေမရှိပေမယ့် မြေပြင်မှာကတော့ မြေသားလမ်းကို ကွန်ကရစ်လောင်းတယ်။ ခြံကွက်တွေကို အခိုင်အမာခြံစည်းရိုးကြီးတွေ ခတ်တယ်။ အဆောက်အဦတွေက နန်းတော်ကြီးတွေလို ဆောက်နေကြတယ်။ အဲဒါတွေကို အဲဒီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က မတွေ့ဘူလား။ မမြင်ဘူးလား။ ကန်းနေလို့လား။ ဘယ်ဟုတ်ပါ့မလဲ။ သူတို့ ပြောလို့ရတဲ့ အဆင့်မဟုတ်ဘူး။ အကောင်ကြီးကြီး၊ အမြှီးရှည်ရှည်တွေပေါ့ဗျာ။ စိုက်ပျိုးမြေပြန်ရဖို့ အရေးဆိုနေတဲ့ (၇)ဦး ဒီအစိုးရလက်ထက်မှာ ပြေလည်မှုရမလား။ နောက်ထပ် ဆယ်စုနှစ်တစ်စုကျော်သွားအုံးမလား။ ဒါလည်း တတ်အပ်မပြောနိုင်ဘူး။ ဥပဒေစိုးမိုးရေးလို့သာ အသံကောင်းဟစ်ကြတာလေ။ အကောင်ကြီးကြီး အမြှီးရှည်ရှည် ရှိတဲ့သူတွေကိုတော့ ဥပဒေက မစိုးမိုးနိုင်ဘူး။ သူတို့အတွက် သီးခြားဥပဒေလက်တစ်လုံးခြား လုပ်ပေးရတာလည်း ရှိတယ်။
သူများတွေကိစ္စပြောလို့ ကျွန်တော့်အဖေ ကိစ္စလေးလည်း ထည့်ပြောလိုက်အုံးမယ်။ နိုင်ငံတော်သမ္မတကြီး တည်ထားကိုးကွယ်တဲ့ မာဇဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ အနောက်ဘက်၊ နေပြည်တော် မြို့ပတ်လမ်းနဲ့ အမြန်လမ်းကြားပေါ့ဗျာ။ မန်ကျည်းကုန်းရွာဘက်ထွက်တဲ့ လမ်းပေါက်ဘေးပေါ့။ အဲဒီမှာ ကျွန်တော်တို့ မိသားစုက နေပြည်တော်မှာ ဆောက်လုပ်ရေးလာလုပ်ရင်း ဒေသခံတွေဆီက ခြံကွက်လေး ဝယ်ပြီး နေခဲ့ကြတယ်ဗျ။ အဖေနဲ့ မိသားစုနေတာပါ။ ကျွန်တော်ကတော့ ရန်ကုန်မှာ ကျောင်းတက်၊ ရန်ကုန်မှာ အလုပ်လုပ် သိပ်တောင် မရောက်ဖြစ်ပါဘူး။ မူလကတည်းက အဲဒီနားမှာ ကြံစိုက်၊ ပဲစိုက် ဒေသခံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့နဲ့ ကပ်လျက်မှာလည်း ယခင်သစ်တောမြေပါပဲ။ ပုဂ္ဂလိကစိုက်ပျိုးရေးခြံဆိုပြီး မူလတောင်သူတွေဆီကနေ ယူသွားတဲ့ ပုဂ္ဂလိကခြံကြီးက ရှိနေပါတယ်။ ကျွန်တော်တို့အဖေကလည်း အဲဒီလိုများ ပုဂ္ဂလိက ခြံစိုက်ပျိုးလို့ရမလား လျှောက်တယ်ဗျာ။ မရပါဘူးဗျာ။ ဒီရက်ပိုင်းအတွင်းပဲ သစ်တောဌာနက ပုဂ္ဂိုလ်တွေက လာသွားသေးသတဲ့။ ယခင်နှစ်ကလည်း အဲဒီလိုပဲ လာတယ်ဗျ။ ဖယ်ရှားပေးရမယ် ဘာ၊ ညာပေါ့ဗျာ။ ဒီနှစ်လည်း လာသွားပြန်ပြီ။ ကျွန်တော်တို့အနီးဝန်းကျင်မှာ တပ်မတော်အရာရှိဟောင်းတွေ ဝယ်ထားတာလည်း တော်တော်များများရှိတယ်ဗျ။ အဲဒီလူတွေကိုတော့ သစ်တောဌာနအနေနဲ့ ဘာမှ လုပ်လိမ့်မယ်မထင်ပါဘူး။ လုပ်ဖို့လည်း ရှိဟန်မတူပါဘူး။
ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အောက်မှာ တန်းတူညီမျှပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရဲ့ အောက်မှာ နေထိုင်ကြသူမဟုတ်လား။ တခြားသူတွေကြတော့ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ရပြီး ကျွန်တော်တို့တွေကြတော့ ဘာကြောင့်မရတာလဲ။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေနဲ့ မနီးစပ်လို့၊ ကျွန်တော်တို့ကို ချထားပေးလိုက်ပါလို့ ဘယ်ဝန်ကြီး၊ ဝန်ငယ်ကမှ သဘောထားမှတ်ချက်မပေးလို့ ဖြစ်မယ်။ ကျွန်တော်တို့နဲ့ ကပ်လျက်က ပုဂ္ဂလိကပိုင် နဂါးမောက်ခြံကြီးဆိုရင် ဦးသိန်းစိန်လက်ထက်ကတည်းက လုပ်ပိုင်ခွင့်ရထားတာပါဗျာ။ ကျွန်တော့်အဖေမှာ တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်စားပြီး သစ်တောဌာနက အဲဒီလို ကျီးလန့်စာစားဖြစ်အောင် လုပ်နေတော့ စိတ်ညစ်ရတာပေါ့ဗျာ။ တိုင်းပြည်ရဲ့ တရားဥပဒေတွေက တပြေးညီအခွင့်အရေး ဖြစ်မနေဘူးဆိုတာကို သိရတော့ ပြည်သူတစ်ယောက်အနေနဲ့က ဒီအစိုးရနဲ့ ဒီဝန်ထမ်းတွေအပေါ် ဘယ်လိုမြင်လာမလဲ စဉ်းစားကြည့်ကြတော့။
နောက်တစ်ချက်က တောင်ကြီးက ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာတစ်ဦးက လှမ်းပြောတယ်။ သူက ပအိုဝ်းတွေကြားမှာ နေပါတယ်။ ယခု တောင်သူတချို့ ရင်ဆိုင်နေရတဲ့ ပြဿနက သူတို့မိဘအစဉ်အဆက် စိုက်ပျိုးခဲ့တဲ့ မြေတွေကို သူတို့ဆီကနေ ဝယ်ယူသွားတာမျိုးလည်း မဟုတ်ဘဲနဲ့ ပုံစံ-၇ လျှောက်ထားရယူသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေပြီတဲ့။ မူလစိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူကို ပုံစံ-၇ ထုတ်မပေးထားဘူး။ အဲဒီလို လက်ညှိုးပြီး မလိမ့်တပတ် လုပ်ယူတဲ့ သူတွေကို ပုံစံ-၇ ထုတ်ပေးတယ်။ လယ်ယာမြေဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး မြို့နယ်လယ်စီနဲ့ အကျိုးစီးပွားမြင်တဲ့သူတွေ လက်ဝါးချင်းရိုက်ပြီး လုပ်တဲ့ပြဿနာ။ အဲဒီလို ပြဿနာပေါ်ပေါက်လာလို့ ဖြေရှင်းပေးဖို့ အရေးဆိုတဲ့အခါကြတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း ပြဿနာဖြစ်ပေါ်လာပုံကို အဖြေမရှာဘဲ နစ်နာသူတောင်သူတွေမှာ လယ်ယာမြေတွေ ဒီလောက်အများကြီး ဘာကြောင့်ရှိနေတာလဲဆိုပဲ။ သူတို့ ချွေးနဲ့ သွေးနဲ့ တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဘိုးဘွားမိဘအစဉ်အဆက် လုပ်ကိုင်ခဲ့တာကို ထည့်မတွေးဘူးတဲ့။ အဲဒီလို အမြင်၊ အဲဒီလို ရပ်တည်ချက်တွေနဲ့ ပြဿနာတွေကို မှန်ကန်စွာ ဘယ်လိုဖြေရှင်းကြမှာလဲ။ ပေးစာကမ်းစာ ယူထားလို့ အသံထွက်တွေ မမှန်တာလား။ စဉ်းစားစရာပေါ့ဗျာ။
ဒါတွေကို တင်ပြခြင်းက ဒီပြဿနာတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိတဲ့ သမ္မတကြီး၊ စိုက်/မွေး/ဆည် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ကို အပြစ်တင်ပြောဆိုလိုခြင်း မဟုတ်ပါဘူး။ ပြည်သူတွေ ဒီလိုပြဿနာတွေ ရင်ဆိုင်နေရတာတော့ ရှိတယ်။ ဝန်ထမ်းများထဲမှာလည်း ပြည်သူလူထုအပေါ် ကောက်ကျစ်ယုတ်မာနေတာ မဟုတ်ပါဘူး။ ဝန်ထမ်းတချို့ရဲ့ လုပ်ရပ်တွေကတော့ ပြည်သူလူထု အဆိုးဆုံးအခြေအနေထိရောက်အောင် လုပ်ဆောင်နေကြခြင်းဖြစ်တယ်ဆိုတာကို သိစေလိုခြင်းပါ။
အဲဒီလူတွေက ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာထားသူတွေ ဖြစ်လေတော့ ဒီပြဿနာအတွက် အဖြေရှာဖို့ သူတို့ကို ပြန်ခိုင်းတော့ သူတို့အကြိုက်ပေါ့။ အထက်မှာ တင်ပြခဲ့သလိုပဲ ပြဿနတစ်ခုဟာ ဆယ်စုနှစ်တစ်စုကျော်ကြာသည်အထိ အဖြေမထွက်ဘူး။ ပြီးပြတ်အောင် လုပ်ဆောင်ပေးဖို့လည်း စိတ်ကူးမရှိကြဘူး။ အစိုးရဝန်ထမ်းလေဗျာ။ ပင်စင်မယူမချင်း တက်ချင်တဲ့အစိုးရတက် သူတို့က ဝန်ထမ်းပဲ။ ပြည်သူ့အကျိုး ကြည့်ချင်လည်း ကြည့်မယ်၊ ကြည့်ချင်မှလည်း ကြည့်မယ်။ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအတွက်တော့ ထိခိုက်မှုရှိတယ်။ ပြည်သူ့အကျိုး ဆောင်ရွက်မယ်ဆိုတဲ့ အစိုးရက ဒီပြဿနာတောင် ပြီးပြတ်အောင် ဖြေရှင်းမပေးနိုင်ဘူး။ ဒီလို ပြဿနာတွေ များလာလေ ပြည်သူအများစုရဲ့ ယုံကြည်မှု ကင်းမဲ့လေ။ အဲဒီလိုနစ်နာမှုတွေ ဖြစ်လာရင် ထောက်ခံမှုတွေ ကျဆင်းပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက်ပါ ထိခိုက်တာပေါ့။ ဒါက ဒီမိုကရေစီသဘောတရားအရ ပြောတာပါ။ အာဏာရအောင် ထောက်ခံအားပေးမယ့် ပြည်သူက သီခြားရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မည်သို့ပင်ဆိုစေ တရားဥပဒေစိုးမိုးရေးဆိုတဲ့ နယ်ပယ်က ကျယ်ပြန့်လွန်းပါတယ်။ ပြည်သူများက အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့သော် ဥပဒေနဲ့ထိရောက်စွာ အရေးယူနိုင်ပါတယ်။ အစိုးရနဲ့ ပြည်သူကြားမှာ အမှုထမ်းနေတဲ့ ဝန်ထမ်းတွေရဲ့ ဥပဒေလက်တစ်လုံးခြားလုပ်ရပ်တွေ လုပ်နေပြီဆိုရင် ဝန်ထမ်းအချင်းချင်း အကာအကွယ် ပေးကြတာလည်း ရှိတယ်။ အစိုးရကလည်း ဝန်ထမ်းတွေကို ဖေးမကာကွယ်ပေးတာမျိုး ရှိတယ်။ ပြည်သူနစ်နာတာကို အလေးမထားကြပါဘူး။ အထူးအားဖြင့် အကောင်ကြီးကြီး၊ အမြှီးရှည်ရှည်တွေက ဥပဒေမဲ့ လုပ်ထားရင် ပြည်သူများမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဖြေမရှိတဲ့ ပြဿနာမျိုးနဲ့ ရင်ဆိုင်ရသလို ဖြစ်တတ်ပါတယ်။ လိမ်နိုင်ကြပါစေ။ ပြည်သူ့ကျိန်စာ မသင့်ပါစေနဲ့လို့သာ ဆန္ဒပြုပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar