Eleven Media Group

ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ သိက္ခာတော် (၅၀) ဝါနှင့်အထက် မဟာထေရ်များအား ပူဇော်ပွဲကျင်းပ

ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ သိက္ခာတော် (၅၀) ဝါနှင့်အထက် မဟာထေရ်များအား ပူဇော်ပွဲ ကျင်းပစဉ် (Photo Credit - Min Han Thar)

တတိယအကြိမ်မြောက် ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ သိက္ခာတော် (၅၀) ဝါနှင့်အထက် သံဃာတော် မဟာထေရ်များအား ပူဇော်ပွဲကို အောက်တိုဘာ ၁၈ ရက် (သီတင်းကျွတ်လဆန်း ၇ ရက်) မွန်းလွဲ ၂ နာရီက ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာရှိ ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ သိက္ခာတော် (၅၀) ဝါနှင့်အထက် မဟာထေရ်ကြီးများအား စုပေါင်းပူဇော်ခြင်းသည် သံဃာတော်များ၏ သာသနာပြုကျေးဇူးတော်များကို ရိုသေကြည်ညိုစွာ အောက်မေ့ဂုဏ်ပြုခြင်းနှင့် မြို့နယ်အတွင်း သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် အထောက်အကူပြုရန်ရည်ရွယ်၍ အစဉ်အလာမပျက်ကျင်းပရခြင်းဖြစ်ကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး "မဟာထေရ်ပူဇော်ပွဲမှာ အပူဇော်ခံ မဟာထေရ် ၃၈ ပါးအတွက်ကို တစ်ပါးလျှင် ကန်တော့ပွဲ၊ နဝကမ္မအလှူငွေ ငါးသိန်းကျပ်၊ ယပ်တောင်နဲ့ ထီးဖြူတော်တို့ကို ရိုသေကြည်ညိုစွာ ကပ်လှူပူဇော်ခဲ့ကြပါတယ်" ဟု ပြောကြားသည်။

ထိုပူဇော်ပွဲအား မွန်ဆရာတော်များ၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ စုပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ သိက္ခာတော် (၅၀) ဝါနှင့်အထက် မဟာထေရ်များအား ပူဇော်ပွဲ ကျင်းပပြီးသည့်နောက်တွင် အပူဇော်ခံ မဟာထေရ် ၃၈ ပါးနှင့် ပင့်ဆရာတော်သံဃာတော် ၁၂၀ ပါးတို့အား အလှူရှင်များက ဆွမ်းကြီးလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ သိက္ခာတော် (၅၀) ဝါနှင့်အထက် မဟာထေရ်များအား ပူဇော်ပွဲ ပထမအကြိမ်က မဟာထေရ် ၃၃ ပါး၊ ဒုတိယအကြိမ်က မဟာထေရ် ၃၈ ပါးတို့အား ပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group