
အမေရိကန်နှင့် ယူကရိန်းကြား ထောက်လှမ်းရေးအချက်အလက်များ မျှဝေမှုကို ပြန်လည်စတင်ပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းအပေါ် ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများမှ ကာကွယ်ရာတွင် ကူညီရန်အတွက် အမေရိကန်နှင့် ယူကရိန်းကြား ထောက်လှမ်းရေးအချက်အလက်များ ပေးပို့မှုကို ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါတွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်း၏ မြို့များကို ပစ်ခတ်နေသည့် ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို ခြေရာခံရန် ယူကရိန်းသည် အမေရိကန်၏ ထောက်လှမ်းရေး အချက်အလက်များအပေါ် မှီခိုနေရခြင်း ဖြစ်သည်။
ယူကရိန်း တာဝန်ရှိသူများက အချို့သော ရုရှား၏ တိုက်ခိုက်မှုများကို သတိပေးချက် မရခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်အနေဖြင့် ထောက်လှမ်းရေး အချက်အလက်များကို မျှဝေပေးနေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ထောက်လှမ်းရေး အချက်အလက် မျှဝေမှုမှာ ယာယီပြတ်တောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်အချိတ်အဆက်မိခဲ့ကြောင်း NBC ၏ Meet the Press အစီအစဉ်တွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"အဲဒီအတွက် ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်။ အခုဆိုရင် ပြန်အဆင်ပြေသွားပါပြီ" ဟု ၎င်းက ဆိုသည်။
သို့သော် အမေရိကန်သို့ ရုရှား ဒီဇယ်ဆီ တင်သွင်းရန် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ကဲ့သို့သော အမေရိကန်၏ အခြားသော ဆောင်ရွက်ချက်များသည် ယူကရိန်းကို ထိခိုက်စေလိမ့်မည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"အမေရိကန်အနေနဲ့ ရုရှားဘက်က တရားဝင် ရပ်တည်လာခဲ့ရင်၊ ဒီနှစ်နိုင်ငံသာ ပူးပေါင်းသွားခဲ့ရင်တော့ ကျွန်တော်တို့ အနိုင်ရမှာ မဟုတ်သလို ကြံ့ကြံ့ခံ ရပ်တည်နိုင်တော့မှာလည်း မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထရန့်နှင့် ဇယ်လန်းစကီးတို့အကြား သဘောထားကွဲလွဲမှုများကြောင့် ယူကရိန်းအတွက် ပိုမိုဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ထရန့်အနေဖြင့် ယူကရိန်၏ မဟာမိတ်အဖြစ် ဆက်ရှိနေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဇာလန်းစကီးက NBC သို့ ပြောကြားခဲ့သည်။
"ကျွန်တော်တို့ သူ့ကို ယုံကြည်ချင်ပါတယ်။ ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေဟာ အမှားတွေဖြစ်ပြီး ကျွန်တော်တို့ကို ကူညီရာ မရောက်ပါဘူး။ အမေရိကန်အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး" ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရန့်ကမူ ၎င်း၏ ဆုံးဖြတ်ချက်များသည် ရုရှားအား ဆွေးနွေးပွဲ စားပွဲဝိုင်းမှ ထွက်ခွာသွားစေမည့် မည်သည့်ကိစ္စမျိုးကိုမဆို ရှောင်ရှားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Truth Social တွင် ရေးသားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ထောက်လှမ်းရေး အချက်အလက်များ မျှဝေခြင်းနှင့် ယူကရိန်သို့ ပြန်လည်ရောင်းချနိုင်ရန် အခြားနိုင်ငံများသို့ အမေရိကန် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းတို့ကို ကိုးကားပြီး ရုရှားနိုင်ငံ မရရှိသည့် အမေရိကန်၏ အကူအညီများကို ယူကရိန်းက ရရှိနေကြောင်း NBC သတင်းဌာနကို ပြောကြားခဲ့သည်။
သို့သော် ဇယ်လန်းစကီး၏ အင်တာဗျူး ထုတ်လွှင့်ပြီးနောက် "Meet the Press" အစီအစဉ်တွင် ပါဝင်ပြောကြားခဲ့သည့် ဘက်ဆန့်သည် အမေရိကန်အနေဖြင့် ယူကရိန်ကို မဟာမိတ်အဖြစ် ရှုမြင်ပါသလားဟု အကြိမ်ကြိမ် မေးမြန်းမှုကို တိုက်ရိုက် မဖြေကြားခဲ့ပေ။
"ဇယ်လန်းစကီးဟာ ယူကရိန်း အနိုင်ရကို ရရမယ်ဆိုတဲ့ မှားယွင်းတဲ့ ရွေးချယ်မှုတစ်ခုကို တင်ပြနေတာ ဖြစ်ပါတယ်။ စစ်ပွဲဟာ ပြီးဆုံးရမှာဖြစ်ပြီး ဒါဟာ ညှိနှိုင်းဆွေးနွေး အဖြေရှာမှုနဲ့ပဲ ပြီးဆုံးသွားမှာပါ" ဟု ဘက်ဆန့်က ပြောကြားခဲ့သည်။
■ Ref: AFP