Eleven Media Group

■ ဘောလိဝုဒ်မင်းသား တိုက်ဂါးရှရော့ဖ် သေနတ်ပစ်ခတ်ခံရမှုမှ ဘေးကင်းလွတ်မြောက်

ဘောလိဝုဒ်မင်းသား တိုက်ဂါးရှရော့ဖ်ကို မွမ်ဘိုင်းမြို့တွင် ချောင်းမြောင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ကျည်ထိမှန်ဒဏ်ရာ မရရှိခဲ့ကြောင်း အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ဖွဲ့ကပြောသည်။

အသက် ၃၆ နှစ်အရွယ် တိုက်ဂါးသည် အောက်တိုဘာ ၁၈ ရက်ညနေပိုင်းက မွမ်ဘိုင်းမြို့ ဂျူဟူးရပ်ကွက်ရှိ ဘောလုံးကလပ်တစ်ခုမှ ကားဖြင့်ထွက်ခွာလာစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

သတင်းဌာနအချို့က ထုတ်ပြန်ထားသည့် ဗီဒီယိုတွင် သေနတ်သမားနှစ်ဦးက လူအုပ်ကြားမှ ဖြည်းဖြည်းချင်း မောင်းထွက်လာသည့် တိုက်ဂါးရှရော့ဖ်တို့ကား၏ ရှေ့ခရီးသည်ထိုင်ခုံကို အကြိမ်ကြိမ် အနီးကပ်ပစ်ခတ်နေပုံကို တွေ့ရသည်။ ပစ်ခတ်မှုကြောင့် လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး တိုက်ဂါး၏ ယာဉ်မောင်းလည်း ပါဝင်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

မွမ်ဘိုင်းတည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်၏ ဒုတိယဝန်ကြီးချုပ် အက်ခ်နတ် ရှင်ဒေးက ပစ်ခတ်မှုဖြစ်ပြီးနောက် မင်းသားကို သွားရောက်တွေ့ဆုံခဲ့ပြီး မင်းသားနှင့် ၎င်း၏မိခင်တို့ ထိတ်လန့်တုန်လှုပ်ခဲ့ကြောင်း ပြောသည်။ “ပြည်သူတွေကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းတာမျိုးကို လက်မခံပါဘူး။ ဒီလိုလုပ်ရပ်တွေ အဆုံးသတ်သွားအောင် ဆောင်ရွက်ပါမယ်” ဟုလည်း ဆိုသည်။

ပစ်ခတ်မှုဟုယူဆရသည့် ဗီဒီယိုတစ်ခုလည်း လူမှုကွန်ရက်များတွင် ပျံ့နှံ့လာသည်။ ထို့ပြင် လောရန့်စ်ဘစ်ရှ်နွိုင်း လူဆိုးဂိုဏ်း အဖွဲ့ဝင်ဆိုသူ၏ အသံဖိုင်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ထိုအသံဖိုင်တွင် တိုက်ဂါးရှရော့ဖ်သည် ၎င်းတို့၏ သတိပေးချက်များကို လျစ်လျူရှုပြီး မင်းသားဆယ်လ်မန်ခန်းနှင့် လက်တွဲအလုပ်လုပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

သရုပ်ဆောင်မျိုးရိုးမှ ဆင်းသက်လာသူ တိုက်ဂါးရှရော့ဖ်သည် ၂၀၁၄ ခုနှစ်တွင် အချစ်ဇာတ်လမ်းရုပ်ရှင် Heropanti ဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်လာခဲ့သူဖြစ်သည်။ ၎င်းသည် ဘောလုံးအားကစားကို ဝါသနာပါပြီး မွမ်ဘိုင်း FC ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတွင်လည်း ကစားသူဖြစ်သည်။ ကိုယ်ခံပညာရှင်တစ်ဦးလည်းဖြစ်ကာ တိုက်ကွမ်ဒိုပညာရပ်တွင် ခါးပတ်နက် ပဉ္စမအဆင့် ရရှိထားသည်။

ယခုပစ်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံရှိ ထင်ရှားကျော်ကြားသူများ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။ ၂၀၂၄ ခုနှစ်တွင်လည်း မင်းသား ဆယ်လ်မန်ခန်း၏ နေအိမ် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

Ref: BBC

မူရင်းသတင်း — Eleven Media Group