Eleven Media Group

■ ပူတင်ဘက်မှ အမေရိကန်ရပ်တည်ခြင်းသည်သမိုင်းဝင် အမှားဖြစ်လိမ့်မည်ဟု ယူကရိန်းသမ္မတ သတိပေး

ရုရှားသမ္မတဗလာဒီမာပူတင်၏ဘက်မှ အမေရိကန်၏တရားဝင်အားဖြင့် ရပ်တည်မှုသည် သမိုင်းဝင်အမှား ဖြစ်လိမ့်မည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက သတိပေးပြောကြားသည်။

သမ္မတဒေါ်နယ်ထရန့်သည် ယူကရိန်းနိုင်ငံကိုလည်းကောင်း၊ ယူကရိန်း၏မိတ်ဆွေနိုင်ငံများကိုလည်းကောင်း မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်ခဲ့သည့်တိုင် ထရန့်ကို မဟာမိတ်အဖြစ် ရှုမြင်ထားဆဲဟု သမ္မတဇယ်လန်းစကီးက ပြောကြားခဲ့သည်။

"ကျွန်တော်က သူ့ကို ယုံကြည်ချင်ပါတယ်" ဟု ဇယ်လန်းစကီးက ထရန့်ကို ရည်ညွှန်းကာ NBC News သတင်းဌာန၏ “Meet the Press”အစီအစဉ်ကို အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

"သူက သူ့ဆုံးဖြတ်ချက်တွေကို ပြောင်းလဲမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အကြောင်းကတော့ အဲဒီဆုံးဖြတ်ချက်တွေဟာ အားလုံးအမှားတွေချည်းပဲလို့ ကျွန်တော်ထင်မြင်တာကြောင့်ပါ။ ကျွန်တော်တို့ကိုလည်း အထောက်အကူမပြုသလို အမေရိကန်ကိုလည်း အထောက် အကူပြုမှာမဟုတ်ပါဘူး" ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်က ရုရှား၏စွမ်းအင်ဝင်ငွေများကို ပစ်မှတ်ထားသော အမေရိကန်ပိတ်ဆို့မှုများနှင့် ကုန်သွယ်ခွန်များကို ဖြေလျှော့ပေးသည့် သမ္မတအမိန့်ပြန်တမ်းကို အောက်တိုဘာ ၁၆ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

မော်စကိုက ဒီဇယ်များကို ကမ္ဘာ့ဈေးကွက်သို့ ပမာဏအများအပြား ထုတ်ရောင်းပေးမည်ဆိုပါက ရုရှားအပေါ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟူသော အပေးအယူကို ထရန့်နှင့် ပူတင်တို့သဘောတူခဲ့ကြပြီးနောက် ရုရှားအပေါ်ပိတ်ဆို့မှုများကို ထရန့်က ဖြေလျှော့ပေးလိုက်ခြင်းဖြစ်သည်။

ထရန့်က အောက်တိုဘာ ၁၈ ရက်တွင် သူ၏ဆုံးဖြတ်ချက်ကို Truth Social ၌ ရေးသားပြီး ကာကွယ်ပြောဆိုခဲ့သည်။ မိမိသည် ရုရှားကို စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းမှ မောင်းထုတ်ရလောက်အောင် ရူးမိုက်သူမဟုတ်ဟု ဖော်ပြခဲ့သည်။

ဇယ်လန်းစကီးက ရုရှား၏ဒီဇယ်သန့်စင်စက်ရုံများကို ပစ်မှတ်ထားနေခြင်းသည် အမေရိကန်ပြည် ထောင်စုအပါအဝင် ကမ္ဘာ့ဒီဇယ်ဈေးကွက်ကို ဆိုးရွားစွာ ထိခိုက်စေသည်ဟု ထရန့်က ပို့စ်တွင်ဖြည့်စွက် ဖော်ပြခဲ့သည်။

ရုရှားက အီရန်အပေါ်သူတို့လုပ်ပေးနိုင်သည့်အရာများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အီရန်အတွက် နည်းနည်းသာလုပ်ပေးနေသည်ဟု ထရန့်က ဖြည့်စွက်ဖော်ပြခဲ့သည်။

မိမိကလည်း ရုရှားကို လက်ရှိပုံစံ အတိုင်း ဆက်သွားစေချင်သည်ဟု ထရန့်က ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် ယခုအပတ်ထဲ တီဟီရန်သို့သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည့် နေ့နှင့်တစ်နေ့တည်းတွင် ထရန့်၏ပြောကြားချက်ထွက်‌ပေါ်လာခြင်းဖြစ်သည်။

Ref:NBC News

မူရင်းသတင်း — Eleven Media Group