Eleven Media Group

■ ကနေဒါစစ်စခန်း မီးလောင်မှုကြောင့် စစ်သည်လေးဦး သေဆုံးခဲ့ပြီး ၃၉ ဦး ဆေးကုသမှုခံယူနေရ

ကနေဒါနိုင်ငံ ၊ အယ်လ်ဘာတာပြည်နယ်ရှိ စစ်စခန်းတစ်ခုတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် တောမီးအရှိန်အဟုန်ဖြင့် မီးလောင်ခဲ့ရာ စစ်သည်လေးဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရသူ ၁၉ ဦးက စိုးရိမ်ရသည့် အခြေအနေရှိသည်။

အယ်လ်ဘာတာပြည်နယ် အနောက်ပိုင်းရှိ Wainwright စစ်စခန်းတွင် အောက်တိုဘာ ၁၇ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းခဲ့သည်ကို စစ်ဆေးသူများက အတည်မပြုနိုင်သေးပေ။

စစ်ဘက်တာဝန်ရှိသူများက မီးလောင်နေသည်ကို နာရီပေါင်းများစွာ ကြိုသိခဲ့သော်လည်း မီးကို ထိန်းချုပ်ထားနိုင်ပြီ အထင်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ခွင့် ပေးခဲ့သည်။
သို့သော် လေတိုက်နှုန်းနှင့် လေတိုက်ရာဘက် ရုတ်တရက်ပြောင်းလဲသွားသဖြင့် မီးတောက်များက စစ်ရေးလေ့ကျင့်နေသည့် စစ်သည်များဘက်သို့ လျင်မြန်စွာ ကူးစက်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

စစ်သည် ၈၄ ဦးခန့်ကို အုပ်စုနှစ်စုခွဲကာ တစ်စုကို လက်ပစ်ဗုံးပစ် လေ့ကျင့်ကွင်းတွင် လေ့ကျင့်စေပြီး ကျန်တစ်စုကို ရန်သူ့တပ်ဖွဲ့များရှိသည်ဟု သတ်မှတ်ထားသည့် ပုံစံတူနေရာများကို တိုက်ခိုက်သည့်လေ့ကျင့်မှု ပြုလုပ်စေခဲ့သည်။ မီးက ဒုတိယလေ့ကျင့်ရေး နေရာအတွင်းသို့ ကူးစက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

Wainwright စစ်စခန်းသည် ကနေဒါစစ်တပ်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရာ အဓိကစခန်းတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ထိုစခန်းတွင် စစ်ဘက်ဝန်ထမ်း ၆၉၀ ခန့်နှင့် အရပ်ဘက်ဝန်ထမ်း ၃၀၀ ခန့်ရှိသည်။

■Ref: AP

မူရင်းသတင်း — Eleven Media Group