
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ မြောက်ပိုင်းလမ်းတွင် အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီ ကျော်ခန့်က လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကတွင်းခြံကျေးရွာ၊ မြောက်ပိုင်းလမ်းနေ မငွေကြည်သည် ကျားသီဟဆေးလိပ်ရုံသို့ ဖက်ရွေးအလုပ် သွားရောက်လုပ်ကိုင်နေစဉ် နေအိမ်တွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုသတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်နှင့် မော်တော်ဆိုင်ကယ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။