Eleven Media Group

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ငါးထပ်အဆောက်အအုံ တစ်လုံးကို ဆက်လက်ဖြိုချ

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ငါးထပ်အဆောက်အအုံ တစ်လုံးကို ယနေ့ (အောက်တိုဘာ ၁၉ ရက်) က ဆက်လက်ဖြိုချခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ တစ်လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ အောက်တိုဘာ ၁၉ ရက်တွင် ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံတစ်လုံးအား ဖြိုချဖျက်ဆီးမှုမှာ အောက်တိုဘာ ၁၉ ရက်အထိ ၃၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက်ခွဲခြား သတ်မှတ်ထားပြီး စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၂ လုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့်အဆောက်အအုံ ၅၇ လုံးကိုလည်း ဆက်လက်၍ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး နှိမ်နင်းလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group