
မော်လမြိုင်မြို့ သာယာအေးရပ်ကွက်ရှိ နေအိမ်တည်ဆောက်နေသောပန်းရံလုပ်ငန်းခွင်၌ အမျိုးသားတစ်ဦး လဲကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၁၉ ရက်) မွန်းလွဲပိုင်းအချိန်က အဆိုပါသာယာအေးရပ်ကွက်ရှိ နေအိမ်ဆောက်လုပ်နေသော ပန်းရံလုပ်ငန်းခွင်တွင် သက်သတ်ပိုင်းအရွယ် ပန်းရံဆရာတစ်ဦး လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။
"ရေသန့်ရောင်းတဲ့ကားလာတဲ့အချိန်မှာ အဲ့ဒီပန်းရံဆရာက ရေသန့်ဗူးလဲဖို့ နေအိမ်ရှေ့ကို ထွက်လာတဲ့အချိန်မှာဘဲ လဲကျသွားတာပါ" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
ထို့နောက် Rescue အဖွဲ့ထံ အကြောင်းကြားခဲ့ကြရာ ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး ကနဦးပြုစုကုသမှုတွေလုပ်ဆောင်ပေးခဲ့သော်လည်း အသက်မရှိတော့ဘူးဟု သိရကြောင်း ၎င်းကဆိုသည်။
ထိုသေဆုံးခဲ့သည့် ပန်းရံဆရာမှာ နယ်မှ မော်လမြိုင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
သေဆုံးခဲ့သည့် ပန်းရံဆရာ၏ ရုပ်အလောင်းအား ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီခန့်က သထုံမြို့ လေယာဉ်ကွင်းလမ်းရှိ စားသောက်ဆိုင်အနီးတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးနင်းလာရာမှ ဆိုင်ကယ်ရပ်လိုက်ရာ မထိန်းနိုင်ဘဲပြုတ်ကျပြီး သတိလစ်သွားခဲ့ပြီးနောက် သတိပြန်မလည်လာတော့ဘဲ သေဆုံးခဲ့ကြောင်း သိရသည်။