
အောက်တိုဘာ - ၂၁ ( ဗုဒ္ဓဟူးနေ့ )
စံချိန်တင် မြင့်တက်နေတဲ့ လောင်စာဆီဈေးနှုန်းတွေအတွက် ထပ်ပြီး ကူညီထောက်ပံ့ပေးဖို့ရာအတွက် တောင်အာဖရိက အစိုးရအနေနဲ့ တခြားအစိုးရ အစီအစဉ်တွေက ရန်ပုံငွေတွေကို လွှဲပြောင်း သုံးစွဲ ရလိမ့်မယ် လို့ သမ္မတ ဆီရယ် ရာမာဖိုဆာက သတိပေးလိုက်ပါတယ်။ ပြည်သူတွေရဲ့ အကြပ်အတည်းကို သက်သာစေဖို့ အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ စဉ်းစားနေချိန်မှာ အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။
စန်းတန်မြို့မှာ ကျင်းပတဲ့ ဘာနာပီလီ ECD ထိပ်သီးအစည်းအဝေးရဲ့ ဘေးဘက် သတင်းစာရှင်းလင်းပွဲ မှာ ရာမာဖိုဆာက 'လောင်စာဆီဈေးနှုန်း ပြဿနာဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာပါ။ ဒီလို လောင်စာဆီဈေး တက်လာတာကြောင့် ထိခိုက်ရတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ကျနော်တို့တင် မဟုတ်ပါဘူး။ တခြား အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဘက် ကလည်း ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်ဆောင်ရွက်နေကြပါတယ်။ ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာကိုလည်း ကျနော်တို့ဘက်က အလေးအနက်ထား စဉ်းစားနေပါတယ်' လို့ သမ္မတက ပြောပါတယ်။
လောင်စာဆီဈေးတွေ တက်လာတုန်းက အစိုးရအနေနဲ့ ထောက်ပံ့ကြေးစနစ် အတွက် ရန်ပုံငွေ ရန်း (၂၄) ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံခန့်) သုံးစွဲပြီး အရင်က ကြားဝင်ဆောင်ရွက် ပေးခဲ့ဖူးတာကိုလည်း ရာမာဖိုဆာက ထောက်ပြပြောဆိုခဲ့ပါတယ်။ 'လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက လောင်စာဆီဈေးတွေ တက်လာတဲ့အခါ အစိုးရက ဝင်ရောက်စွက်ဖက်ပြီး ထောက်ပံ့ကြေးစနစ်ထဲကို ရန်း ၂၄ ဘီလီယံလောက် ထည့်သွင်းပေးခဲ့တယ်ဆိုတာကို ခင်ဗျားတို့ သတိရဖို့လိုပါတယ်' လို့ သူက ဆိုပါတယ်။
ဒီမှတ်ချက်တွေ ထွက်ပေါ်လာတာကတော့ အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ကျင့်သုံးခဲ့တဲ့ ဈေးနှုန်း တိုးမြှင့်မှုတွေကြောင့် မော်တော်ယာဉ် မောင်းနှင်သူတွေအနေနဲ့ စံချိန်တင် လောင်စာဆီ ဈေးနှုန်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ 95-octane ဓာတ်ဆီဈေးနှုန်းက တစ်လီတာကို ၃.၃၃ ရန်း တက်လာပြီး ၃၀.၂၅ ရန်း ဖြစ်သွားခဲ့သလို၊ 93-octane ဓာတ်ဆီကလည်း ၃.၁၂ ရန်း တက်လာပြီး ၂၉.၈၈ ရန်း ဖြစ်သွားခဲ့ပါတယ်။ ဒီဇယ်ဆီဈေးနှုန်းတွေလည်း အကြီးအကျယ် မြင့်တက်လာခဲ့ပါတယ်။
REF: RT
#News #Myanmar